ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် လွယ်တောင်းနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ်အသုံးချရန် ထိန်းသိမ်းထား ကြောင်း သိရသည်။
“မနေ့က သူတို့(စစ်ကောင်စီတပ်ဖွဲ့)ရောက်ရောက်ချင်း အဲဒီရွာနှစ်ရွာကို အဝင်အထွက် ပိတ်လိုက်တယ် ပြောတယ်။ မနေ့က ညနေပိုင်းအထိ အဆက်အသွယ်ရနေသေးတယ်၊ ဒီမနက် မရတော့ဘူး။ လူသားဒိုင်း လုပ်ခံထားရတယ်လို့ လောလောဆယ် သိထားရတယ်”ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် နောင်ချို မြို့ခံသတင်းရင်းမြစ်က ပြောသည်။
နောင်ချိုမြို့နယ်အတွင်းရှိကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် သံချပ်ကာကားနှစ်စီးအပါအဝင် အင်အား ၁၅၀ ဝန်းကျင်နှင့် စစ်ကားအစီး ၃၀ ခန့်ပါယာဉ်တန်းဖြင့် ရွှေညောင်ပင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲခဲ့သည်။
ထို့နောက် အဆိုပါကျေးရွာနှင့်ကပ်လျက် လွယ်တောင်းကျေးရွာအရှေ့ဘက်ရှိ တောင်ကုန်းများပေါ်တွင် လည်း ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်သားများ လာရောက်ချထားပြီး ကျေးရွာအတွင်းရှိ လူထုကို နေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင်သာ နေထိုင်ကြရန် အမိန့်ပေးထားကြောင်း၊ ယင်းအခြေအနေသည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသည်။
“ကျွန်မတို့ဘက်မှာတော့ အခုထိအေးဆေးပါပဲ။ အဲဒီရွာတွေဘက်တော့ ပေါ်တာဆွဲတယ်လည်းကြား တယ်၊ ရွာသားတွေကို အပြင်ပေးမထွက်ဘဲ လူသားဒိုင်းလုပ်ထားတယ်လည်းကြားတယ်။ အခုအချိန်မှာ တိမ်ပင်လယ် (နောင်ချိုကြီး တိမ်ပင်လယ်အပန်းဖြေစခန်းများ)ဘက်ကို မလာကြတာ အကောင်းဆုံးပါပဲ” ဟု နောင်ချိုမြို့ခံ သတင်းရင်းမြစ်တဦးလည်းက ပြောသည်။
ကျေးရွာနှစ်ရွာမှ ထိန်းသိမ်းခံထားရသူ ၁၀၀ ကျော်ရှိပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များလည်း ပါဝင်ကြောင်း၊ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့်နေရာတွင် ဘေးလွတ်ရာသို့ထွက်ခွင့်မပြုသဖြင့် စိုးရိမ် စရာအခြေအနေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နှင့် အနီးဝန်းကျင်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY-PDF)ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားခြင်း ဖြစ်ပြီး မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများတွင်မူ စစ်ကောင်စီတပ်ဖွဲ့က အင်အားဖြည့်တင်း တပ်စွဲလျက် ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းများအရ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ