စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးသည့်နောက် CDMပြုလုပ်ထားသည့် ကျောင်းသား၊ကျောင်းသူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖော်ဆောင်နေသည့် ကြားကာလပညာရေး မည်မျှအောင်မြင်နေကြောင်း သိလိုသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ အဖွဲ့ဝင်တဦးက မေးခွန်းထုတ်တောင်းဆိုလိုက်သည်။
ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်ကိုမြတ်သူက အညာဒေသ တနေရာတွင် ယမန်နေ့ အောက်တိုဘာလ ၂၉ရက်နေ့ (သီတင်းကျွတ်လပြည့်)ညက ပြုလုပ်ခဲ့သည့် လူထုသပိတ်၌ ယင်းကဲ့သို့ တောင်းဆိုခြင်းခြင်းဖြစ်သည်။
"ကြားကာလ ပညာသင်ကြားရေးအစီအစဉ်နဲ့ ပတ်သက်ပြီးတော့မှ ဘယ်လောက်အထိ အောင်မြင်နေလဲဆိုတာကိုကျနော် ဒီနေရာကနေပြီးတော့မှ အမျိုးသားညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနကို ကျနော်မေးခွန်းထုတ်ပါတယ်" ဟုကိုမြတ်သူက ပြောသည်။
ကျောင်းသားလူငယ်များ၏ အနာဂတ်သည် အရေးပါသောကြောင့် ယင်းကဲ့သို့ မေးခွန်းထုတ်ခြင်းဟုဆိုသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်တွင် ကျောင်းသား၊ ကျောင်းသူများက CDM ဆရာ၊ဆရာမများနှင့်အတူ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြပြီး စစ်အာဏာသိမ်းမှုကိုသပိတ်မှောက်ခဲ့ကြသည်။
ကျောင်းသားကျောင်းသူဦးရေ သိန်းနှင့်ချီကာ သပိတ်မှောက်နေကြခြင်းဖြစ်ပြီး ထိုကျောင်းသားများအတွက် ကြားကာလပညာသင်ကြားရေးကို NUG အစိုးရက အကောင်အထည်ဖော်ခဲ့သည်။ ကြားကာလပညာရေးစနစ်တွင် အခြေခံပညာ၊ အဆင်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် ဆရာအတတ်သင်များကို သင်ကြားပေးနေသည်ဟုသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့် ၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ၎င်းတို့နှင့်ချိတ်ဆက်ထားသည့်အွန်လိုင်းနှင့်မြေပြင်ကျောင်းပေါင်း ၅,၀၀၀ကျော်တွင် ဆရာ၊ဆရာမ၆၀,၀၀၀ကျော်ဖြင့် ကျောင်းသားပေါင်း ၇၅၀, ၀၀၀ကျော်ကို ပညာသင်ကြားနေပေးနေသည်ဟုဖော်ပြထားသည်။
စာတည်း - အေးချမ်း
ဗကသအဖွဲ့ဝင်ကိုမြတ်သူ လူထုသပိတ်၌ ဟောပြောနေစဉ် (ရုပ်သံ / ပေးပို့)