အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ရခိုင်ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသခံအများစုသည် နေအိမ်ပျက်စီးခဲ့ရပြီး လက်ရှိတွင် တာပေါ်လင်စ(တာလပတ်စ)များကိုသာ အိမ်အမိုးအဖြစ် အသုံးပြုနေရကြောင်း ဒေသခံနှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများက ပြောသည်။
နေထိုင်ရာ အိမ်အများစုသည် တာပေါ်လင်စများဖြင့် မိုးထားကြပြီး အချို့ တာပေါ်လင်စများသည် အမျိုးအစားမကောင်းသဖြင့် မိုးယိုသည်များရှိကြောင်းသိရသည်။
“ကျနော်တို့ သွားသလောက် သွပ်မိုးနိုင်တဲ့သူတွေက တော်တော်နည်းပါတယ်။ တာပေါ်လင်စနဲ့ပဲ ဒီတစ်မိုးအတွက် ယာယီပေါ့။ ရွာတွေမှာ အသက်ကြီးအဘိုးအဘွားတွေနဲ့ အမျိုးသမီးတွေ ကလေးတွေပဲ ရှိတော့ တာလပတ်နဲ့တောင် အဆင်ပြေသလို ကြိုးနဲ့ပဲ တုပ်ထားတာပေါ့။ သပ်သပ်ရပ်ရပ် လုပ်နိုင်တဲ့ အနေအထားတော့ သိပ်မရှိဘူး” ဟု ရခိုင်ဒေသတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် Arakan CSO Network မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ဒေသခံအများစုမှာ လက်ရှိတွင် အမိုးရောက်အောက်သို့ ရောက်သည်ဆိုရုံမျှအနေအထားဖြင့်သာ နေထိုင်နေကြရကြောင်း ၎င်းကဆိုသည်။
ပေါက်တောမြို့တွင်လည်း မြို့ပေါ်ရှိ ရပ်ကွက်ငါးခုတွင် သုံးခုခန့်သာ အမိုးအကာအောက်သို့ ရောက်ကြပြီး ကျန်သည့် ရပ်ကွက်နှစ်ခုနှင့် ငွေကြေးမတတ်နိုင်သည့် နေ့စားအလုပ်သမားများသည် အမိုးအကာမရှိသဖြင့် မိုးရွာသည့် အခါမျိုးတွင် နားနေနိုင်သည့် ဇရပ်ကဲ့သို့သော နေရာမျိုးတွင် စုပေါင်းနေကြရကြောင်း ပေါက်တောမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“အားလုံးက အဆင်ပြေသလို နေနေကြရတယ်။ ဆင်းရဲသားတွေကတော့ အမိုးအကာတွေမရှိဘူး။ မိုးမရွာရင် သူတို့အိမ်ထဲ နေလို့ရတယ်ပေါ့။ မိုးရွာတဲ့အခါမှာဆိုရင်တော့ လူနားလို့ရတဲ့ ဇရပ်တွေမှာ စုနေကြပြီး ပြဿနာကို ဖြေရှင်းရပါတယ်” ဟု ပေါက်တောဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
လူဦးရေ ၂,၈၀၀ ကျော် ခိုလှုံနေသည့် မြောက်ဦးမြို့ တိမ်ညိုစစ်ရှောင်စခန်းသည်လည်း မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးခဲ့ရကာ လက်ရှိတွင် မိုးရာသီရောက်ပြီဖြစ်သောကြောင့် တာပေါ်လင်စများဖြင့် အဆင်ပြေသလို ပြန်လည်ပြင်ဆင်ကာ နေထိုင်နေကြရကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အမိုးအောက်တော့ ယာယီရောက်နေကြပါပြီ။ ဖြစ်သလိုပြင်ဆင်ပြီး နေနေကြတယ်ပေါ့။ အမိုးအကာအောက်တော့ ရောက်ပြီလို့တော့ ပြောလို့ရပါတယ်။ အိမ်တွေက ဝါးလေးတွေနဲ့ ပြန်ဆောက်ထားတာဆိုတော့ ခိုင်ခန့်မှုသိပ်မရှိဘူး။ လေပြင်းတိုက်ရင်တော့ အခက်အခဲရှိနိုင်ပါတယ်။ အခုက အကူအညီတွေလည်း သိပ်မရတော့ ဖြစ်သလိုနေနေရတဲ့ သဘောပေါ့” ဟု တိမ်ညိုစစ်ရှောင်စခန်းတာဝန်ရှိသူက ပြောသည်။
စစ်တွေမြို့တွင်လည်း ဒေသခံ ၉၀ရာခိုင်နှုန်းခန့် အမိုးရောက်ပြီဟု ဆိုနိုင်သော်လည်း လုံခြုံသည့်အမိုးအကာမဟုတ်ဘဲ မိုးခိုနိုင်သည်ဆိုသည့် အနေအထားလောက်သာ ရှိပြီး အိမ်တွင်းပရိဘောဂ ပစ္စည်းများကို ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ပို့ထားရကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူက ပြောသည်။
“အရင်တုန်းက ဖက်နဲ့နေတဲ့သူဆို အခု တာလပတ်နဲ့ပဲ နေနိုင်တယ်ပေါ့။ လောလောဆယ် အမိုးအောက်ရောက်ဖို့ တစ်ခုကိုပဲ နေနေတာပေါ့နော့်။ အခုက (လူ)အမိုးအောက်ရောက်ဖို့ပဲလိုတယ် ပိုက်ဆံလည်း မရှိဘူးဆိုတော့ ဆယ်ပေပတ်လည်အခန်းမှာ လူလွတ်ရင်ပြီးရော။ ပစ္စည်းတွေကို ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ထားထားရတယ်” ဟု လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ရက်နေ့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရခိုင်ဒေသတွင်းရှိ လူ ၁၂သိန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့ရကာ နေအိမ် ၂၀၀,၀၀၀ ကျော် ပျက်စီးခဲ့ရကြောင်း ရက္ခိုင့်တပ်တော်AA က ထုတ်ပြန်ထားသည်။ လက်ရှိတွင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများကို စစ်ကောင်စီမှ သွားလာခွင့် ပိတ်ထားသဖြင့် မုန်တိုင်းဒဏ်သင့် ဒေသခံများအနေဖြင့် အကူအညီများစွာ လိုအပ်လျက်ရှိနေပြီး ဒေသတွင်းအရပ်ဘက်အဖွဲ့စည်းများမှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သည့် အခါတွင်လည်း စစ်ကောင်စီက တားဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေသဖြင့် ကြန့်ကြာမှုများ ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး