စက်မှုထိပ်သီး နိုင်ငံ ၇ နိုင်ငံရဲ့ မေလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ ညီလာခံကျင်းပပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ G7 စက်မှုထိပ်သီးနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။
မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေတဲ့ နိုင်ငံတွေအနေနဲ့လည်း လက်နက်တင်ပို့မှု ရပ်တန်းကရပ်ဖို့ G7 ခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေဟာ အထူးစိုးရိမ်ရဆဲအခြေအနေဖြစ်ပြီး၊ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေကို အတားအဆီးမရှိ ကူညီခွင့်ပေးဖို့လည်း ပြောဆိုထားပါတယ်။
ဂျပန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ G7 ကြေညာချက်ဟာ ပြင်းပြင်းထန်ထန်မရှိဘူးလို့ တုန့်ပြန်ကြပါတယ်။
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ G7 လို့ခေါ်တဲ့ စက်မှုထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေ ညီလာခံကျင်းပနေချိန်အတွင်းမှာပဲ ဂျပန်နိုင်ငံရောက် မြန်မာတွေစုရုံးဆန္ဒပြကြခဲ့ကြပါတယ်။
G7 ထိပ်သီးညီလာခံမှာ မြန်မာ့အရေးကို အာရုံစိုက်ပြောဆိုကြဖို့ ဒီဆန္ဒပြသူတွေက တောင်းဆိုနေတာပါ။
ဟီရိုရှီးမားမှာ ကျင်းပတဲ့ G7 ညီလာခံကို ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇာလန်းစကီးလည်း တက်ရောက်ခဲ့ပြီး ယူကရိန်းအရေး အဓိက ဆွေးနွေးတဲ့ ညီလာခံတစ်ရပ်ဖြစ်ခဲ့ပါတယ်။