အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ရေးလှုပ်ရှားမှုတွေကို နှိမ်နင်းရာမှာ ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကို တိုးမြှင့်အသုံးပြုလာပြီး သြဇာကြီးမားတဲ့ အတိုက်အခံတွေကို ကွပ်မျက်တာ အပါအဝင် လူတဦးတယောက်ချင်းစီကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေကြောင်း အမေရိကန်အခြေစိုက် Freedom House လူ့အခွင့်အရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာတဝန်း လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့် လုံးဝမရှိတော့တဲ့အပြင် အရပ်ဘက်လွတ်လပ်ခွင့် အတွက် အမှတ်ပေးရာမှာလည်း ၉ မှတ်သာ ရရှိခဲ့တယ်ဆိုပြီး ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။
ဒီမိုကရေစီအရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သုတေသနလုပ်ကာ အားပေးထောက်ခံလေ့ရှိတဲ့ ဒီအဖွဲ့က ရမှတ် ၁၀၀ ပေးရာမှာ မြန်မာနိုင်ငံအနေနဲ့ ၉ မှတ်သာ ရရှိခဲ့တာကြောင့် လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။