ထိုင်းနိုင်ငံမှ အသက် ၅၂ နှစ်အရွယ် လယ်သမားတစ်ဦးက လူမှုမီဒီယာမှာ ဆုံဆည်းခဲ့သော သူ့ ချစ်သူသက်ထားအား လက်ထပ်ရန် ကီလိုမီတာ ၁,၂၀၀ ခရီးကို ခြေဖဝါးသက်သက်ဖြင့် ခရီးနှင်လာခဲ့ရာ ယနေ့ ချစ်သူများနေ့၌ သူ၏ ချစ်ခရီးစဉ်သည် အောင်မြင်စွာ ပြီးစီးခဲ့ပြီ ဖြစ်သည်။
နက်ခွန်နာယို့ပြည်နယ်မှ ဆူသပ်ပရွမ်ဂျစ်သည် သန်ဝခရိုင်ရုံးထဲသို့ အသော့နှင်လာခဲ့ပြီး ခရီးစဉ်၏ ပန်းတိုင်အဖြစ် ယင်း ရုံးထဲတွင် အသက် ၅၆ နှစ်အရွယ် လမ်းဘေးဈေးသည် သာနာပါ ကီအောအွန်နှင့် လက်ထပ်ထိမ်းမြားလိုက်ကြသည်။
၎င်းတို့ ချစ်သူနှစ်ဦးကို ရိုးရာအကများ ကပြအသုံးတော်ခံနေသည့် ရိုးရာဝတ်စုံဝတ် အမျိုးသမီးများ အပါအဝင် ဆုတောင်းပေးသူများက ဝန်းရံလျက် ရှိနေခဲ့သည်။
လယ်သမားကြီး ဆူသပ်သည် ယခု ခရီးစဉ်အတွက် သုံးလကြာ ပြင်ဆင်ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အိမ်မှစထွက်ကာ ချစ်သူဆီ လက်ထပ်ရန် သွားသော ခရီးစဉ်အား အစပြုထွက်ခွာခဲ့ခြင်း ဖြစ်သည်။
တနင်္လာနေ့က သူသည် မြေနိမ့်တောင်ပိုင်းပြည်နယ် ဆတ်ထွန်သို့ ရောက်ရှိခဲ့သည်။ ပျမ်းမျှအားဖြင့် သူသည် တစ်နေ့ ၃၉ ကီလိုမီတာ ခရီးကို အသော့နှင်လာခဲ့ခြင်းလည်း ဖြစ်သည်။ သူ၏ ချစ်ခရီးစဉ်အကြောင်းကို လူမှုမီဒီယာတွင် ပို့စ်တင်လိုက်သည့်နောက် လမ်းတစ်လျှောက်တွင် လူများ ထွက်လာကြကာ အားပေးအားမြှောက် ပြုကြသည်။
ပုစွန်ငပိနှင့် ပင်လယ်စာ အခြောက်အခြမ်းများ ရောင်းချပြီး TikTok ပေါ်တွင် ပို့စ်တင်လေ့ ရှိသည့် သာနာပါကို ဆူသပ်က လူမှုမီဒီယာတွင် လွန်ခဲ့သည့် ငါးလက ပထမဆုံး စတွေ့ခဲ့ခြင်းဖြစ်သည်။
သူ ဈေးရောင်းနေစဉ် TikTok က တစ်ဆင့် ဆူသပ်ကို စတင် သိရှိရကြောင်း သာနာပါက ပြောသည်။ သာနာပါထံ ပန်းပုံများကို ဆူသပ်က ပို့ပေးပြီး ပုစွန်ငပိလည်း မှာယူခဲ့ရာမှ နောက်ပိုင်းတွင် ပုစွန်ငပိ စားကောင်းလား ဆိုဟု ဈေးသည်သဘာဝ သာနာပါက မေးမြန်းရာကနေ အပြန်အလှန် စကားပြောဆိုမှုများ ရှိလာခဲ့ပြီး ရင်းနှီးသထက် ရင်းနှီးလာတော့ခြင်း ဖြစ်သည်။
ချစ်သူ ရှိမရှိ ဆူသပ်က မေးလာသည့် အခါတွင်တော့ သာပါနာက လွန်ခဲ့သည့် ဆယ်နှစ်မှစ၍ အိမ်ထောင်ကွဲပြီးကတည်းက တစ်ကိုယ်ရည် တစ်ကာယပဲ ဖြစ်ကြောင်း၊ သားသမီး လေးဦးမှာလည်း အရွယ်ရောက်ပြီး ဖြစ်ကြောင်း အမှန်တိုင်း ဖြေဆိုသကဲ့သို့ အသက်ချင်း တူပါက ချစ်သူ ဖြစ်နိုင်သည်ဟုပါ မူနွဲ့နွဲ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဆူသပ်က အသက်အရွယ် ကွာတာကို စိတ်ထဲ မထားဘူးဟု သာပါနာက ဆိုသည်။
ထိုအတွက် သူ ရှိနေရာ ဆတ်ထွန်ပြည်နယ်ဆီ ခြေလျင်သက်သက် လာရောက်ပြခြင်းဖြင့် အရိုးရှင်းဆုံး သက်သေထူရန် ဆူသပ်ကို သာပါနာက ပြောလိုက်ရာ သူ အပြေးလာမည်ဖြစ်ကြောင်းနှင့် ချစ်သူများနေ့တွင် ရောက်စေရမည်ဟု ဆူသပ်က ပြောလိုက်တော့သည်။
“လူမှုမီဒီယာသာ မရှိရင် ဒီလို နေ့မျိုး ဖြစ်လာမှာ မဟုတ်ဘူး”ဟု ဆူသပ်က ပြောသည်။
“ကျွန်မ အရမ်း ရင်ခုန်စိတ်လှုပ်ရှားပါတယ်၊ စကားတောင် မပြောနိုင်အောင်ပါပဲ၊ သူ့ကို အရမ်းလည်း ကျေးဇူးတင်တယ်”ဟု သာနာပါက အစွမ်းကုန် ပြုံးရယ်ရင်း ပြောဆိုသွားခဲ့သည်။