စစ်တပ်က လေကြောင်းမှ ပစ်ခတ်၍ လွိုင်ကော်ရှိဘုရားရှိခိုးကျောင်းနှင့် မြို့တွင်းနေအိမ်တချို့ ပျက်စီး 

စစ်တပ်က လေကြောင်းမှ ပစ်ခတ်၍ လွိုင်ကော်ရှိဘုရားရှိခိုးကျောင်းနှင့် မြို့တွင်းနေအိမ်တချို့ ပျက်စီး 

ဇန်နဝါရီလ ၁၁ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်တပ်က ယနေ့ ဇန်နဝါရီလ ၁၁ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် လေကြောင်း ထိုးစစ်ဆင် ပစ်ခတ်မှုကြောင့် ဒေါဥခူရပ်ကွက်ရှိ စနေ အသင်းတော် ဘုရားရှိခိုးကျောင်း အပါအ၀င် လွိုင်ကော်မြို့တွင်း နေအိမ်တချို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။ 

"ဘုရားရှိခိုးကျောင်း မီးလောင်တာ သူတို့ဗုံးကြဲလို့ လောင်တာ မြင်နေရတယ်။ အဲ့ဒီ တစ်ချိန်ထဲမှာပဲ စစ်တပ်ထောက်ခံတဲ့ သူတွေထဲက တခြား အိမ်ထဲက ပစ္စည်းတွေ လိုက်ခိုးနေတာလည်း တွေ့နေရတယ်။ အခုအချိန်ထိ ဒေါဥခူမှာလည်း သေနတ်ဖောက်သံတွေ ဆက်တိုက်ကြားနေရတယ် " ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၆ နာရီခွဲကျော်တွင် မဇ္ဈိမကို ပြောသည်။ 

ဒေသခံ ပြည်သူ့တပ်များနှင့် အကြမ်းဖက် စစ်တပ်တို့ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် ယနေ့ တစ်နေကုန် နီးပါး တိုက်ပွဲပြင်းထန် နေခဲ့သည်။ 

စစ်တပ်က လေကြောင်းဖြင့် မြို့ပေါ်သို့  ဗုံးကြဲ ပစ်ခတ်ပြီးသည့်နောက် ပြန်လှည့်သွားကြောင်း Loikaw-GZ အဖွဲ့၀င်တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

"ခုနက လေယာဉ် နှစ်စီးနဲ့ အပေါ်ကနေ ဗုံးကြဲပစ်သွားတာ။ အိမ်တချို့လည်း မီးလောင်နေတယ်။ အခုလော‌လောဆယ် တိုက်ပွဲက ဖြစ်နေတုန်းပဲ " ဟု ၎င်းက ပြောသည်။ 

လွိုင်ကော်မြို့  ဒေါဥခူရပ်ကွက်၌ ယနေ့ နံနက် ၁၀ နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ပြီး မိုင်းလုံး ရပ်ကွက်တွင်မူ နေ့လယ် ၂ နာရီမှ စတင်၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ဒေါဥခူရပ်ကွက် တိုက်ပွဲတွင် ကင်းပုန်း၀ပ်နေသည့် စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း ခန့်မှန်းရပြီး စစ်တပ်က အပြင်းအထန် စစ်ကြောင်းထိုး၍ တရစပ် ပစ်ခတ်နေခြင်း ကြောင့် နေ့လယ် ၃ နာရီ ၃၀ မိနစ် တွင် တခြားဒေသတွင်း တပ်ဖွဲ့နှင့် အစားထိုးကာ တပ်ဆုတ် လာခဲ့ရကြောင်း မြေပြင်တွင် ပါ၀င်နေသည့် DMO PDF တပ်ရင်း ( A ) ဒုတပ်ရင်းမှူးက မဇ္ဈိမကို ပြောသည်။ 

တိုက်ပွဲတွင် ဒေသပြည်သူ့တပ်ဖွဲ့များဖြစ်သည့်  KNDF ၊ KDF၊ DMO - PDF တပ်ရင်း (A) တပ်ရင်း ( F)၊ KGZ- 21 PDF၊ GZ-21 (loikaw)၊ KA၊ Medic unit(Demoso) ၊ MbPDF၊ Loikaw PDF၊ PPDF ၊ KPDF နှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly