စစ်အာဏာသိမ်းမှုဒဏ် ခံနေရသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြင်သစ်သမ္မတပြော

စစ်အာဏာသိမ်းမှုဒဏ် ခံနေရသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြင်သစ်သမ္မတပြော

ဇန်နဝါရီ ၄

စစ်အာဏာသိမ်းမှုဒဏ် ခံနေရသည့် မြန်မာပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ပြင်သစ် သမ္မတ အီမန်နူရယ် မက်ခရွန်က ယနေ့ ဇန်နဝါရီလ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့တွင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ Facebook တွင် ရေးသားသည်။

“(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု၏ ဒဏ်ရာ၊ ဒဏ်ချက်များကို ခံစားနေရသော မြန်မာ ပြည်သူ ပြည်သားများနှင့်အတူ ပြင်သစ်နိုင်ငံက ရပ်တည်ပါသည်” ဟု ၎င်းက ဆိုထားသည်။

မြန်မာပြည်သူများ၏ အကြပ်အတည်းကို ဖြေရှင်းနိုင်ရေးသည် ဒီမိုကရေစီ လိုလားချက်ကို လေးစားရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို လွှတ်ပေးရေးနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို အဆုံးသတ်ရေးတို့ အပေါ်တွင်မူတည် နေပါသည်ဟု ပြင်သစ်သမ္မတက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ မြန်မာစစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအဓမ္မ ဖျောက်ဖျက်မှု၊ မတရား ဖမ်းဆီးမှုများ တိုးမြင့်လာနေပါသည်။ အထူးသဖြင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင် တပ်ဖွဲ့များ၏ အကြမ်းဖက်မှုများ တိုးမြင့်လာကာ မီးရှို့မှု၊ လုယက်မှု၊ ယဉ်ကျေးမှု ဆိုင်ရာ အဆောက်အအုံများ ဖျက်ဆီးခံရမှုများသည် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး ယင်းလုပ်ရပ်များကို ရှုတ်ချကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required