ရွှေဘိုမြို့ စည်ပင်သာယာရုံး မိုင်းကွဲ

ရွှေဘိုမြို့ စည်ပင်သာယာရုံး မိုင်းကွဲ

ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စည်ပင်သာယာရုံးကို ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Black Wolf PDF အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

“ဒီနေ့ မနက် ၁၀ နာရီ ၅၀ မိနစ်မှာ ပြည်သူတွေကို မတရား အခွန်ကောက်နေတဲ့ ရွှေဘိုမြို့ ရွှေဘိုဈေးကြီး မြောက်ဘက်မှာ ရှိတဲ့ စည်ပင်သာယာရုံးကို အဝေးထိန်းနဲ့ မိုင်းခွဲ လိုက်တာပါ။ အင်ဂျင်နီယာ အခန်းထဲကနေ ပေါက်ကွဲပါတယ်။ အပျက်အစီးတော့ မသိရသေးပါဘူး” ဟု Black Wolf PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် စည်ပင်သာယာရုံးအတွင်း ထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီး အတိအကျကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ ကားနှစ်စီး ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“အရင်လကတော့ ရွှေဘိုမြို့ထဲက ဈေးဆိုင်တွေကို လမ်းမြေ အသုံးပြုခ ကောက်တယ်။ အိမ်ခွန်တွေကို လည်း တစ်နှစ်စာ ဆိုပြီး မတရား အခွန်တွေ ကောက်နေတဲ့ ရုံးပါ” ဟု ရွှေဘို ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းရှိ ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် Black Wolf PDF သည် လက်လုပ်မိုင်းနှင့် တစ်လုံးထိုးများ ထုတ်လုပ်ထားပြီး အကြမ်းဖက် စစ်ကောင်စီကို တော်လှန် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required