အထိနာနေသည့် စစ်ကောင်စီရေယာဉ်စု ခြေလျင်စစ်ကြောင်း အကာအကွယ်ဖြင့် ချီတက်နေ

18 December 2021
အထိနာနေသည့် စစ်ကောင်စီရေယာဉ်စု ခြေလျင်စစ်ကြောင်း အကာအကွယ်ဖြင့် ချီတက်နေ

ဒီဇင်ဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်း မြစ်ကြောင်းအတွင်း ကျောက်စိမ်းများ တင်လာသည့် စစ်ကောင်စီ ရေယာဉ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက မြစ်ကြောင်းဘေးမှ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ခြေလျင်စစ်ကြောင်းများ အကာအကွယ်ယူ ချီတက်လာကြောင်း ဒေသခံ ကာကွယ်ရေးတပ်က ပြောသည်။

ကျောက်စိမ်းများ တင်ဆောင်လာသည်ဆိုသည့် စစ်ကောင်စီရေယာဉ် ၁၁ စီးအား ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ရာ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရေယာဉ်တစ်စင်း နစ်မြစ်ခဲ့သည်။

ယင်းနောက် ရေယာဉ်များအား ကာကွယ်ရန် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ရှိသည့် ခြေလျင်စစ်ကြောင်း နှစ်ဖွဲ့ခွဲကာ မြစ်ကြောင်းကမ်းဘေး တစ်ဖက်စီမှ နယ်မြေရှင်းနေကြောင်း ဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ထွက်လာသည့် အဆိုပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းများသည် မြစ်ကြောင်း တစ်လျှောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေသည်။

"၁၆ ရက်နေ့ကတည်းက ကနီကနေ မနက် ၆ နာရီဝန်းကျင်က စထွက်လာတာ ကုန်းကြောင်း ရေကြောင်းနဲ့၊ ကုန်းကြောင်းက မြစ်ကမ်းဘေးရွာတွေကို နယ်မြေရှင်းလင်းရေး သဘောမျိုးဝင်ပြီး မြစ်ထဲက ရေယာဉ်တွေကို ကာကွယ်ပေးရင်း လိုက်လာတာ၊ မုဠောရွာမှာ ခဏတပ်စွဲသေးတယ်။ ပျူတွေနဲ့ လမ်းပြတွေကော ပါတယ်ဗျ၊ မိုင်းကွင်းတွေကို ရှောင်သွားကြတာ" ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ KLG ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယင်းသို့ ချီတက်လာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းအား ဒေသခံ ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်လုပ်လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟုသိရသည်။

စစ်ကောင်စီတပ်ဖက်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦး ကျဆုံးခဲ့ရသည်။

“သူတို့ဘက်က အကျအဆုံးကိုတော့ အတိအကျ မသိရသေးပါဘူး၊ ကျွန်တော်တို့ ဘက်ကတော့ ရဲဘော် တစ်ယောက်ကျတယ်၊ ရုပ်အလောင်းတောင် မနေ့ကမှ သွားကောက်ရတယ်၊ သူတို့ဘက်မှာလည်း သွေးကွက်တွေတော့ တွေ့ရတယ်” ဟု ထိခိုက်ကျဆုံးမှု အခြေအနေကို KLG ပြန်ကြားရေး တာဝန်ခံက ရှင်းပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသည့်ရဲဘော်မှာ အသက် (၃၀) အရွယ် ကိုမောင်မော် ဖြစ်ပြီး သေနတ်ထိမှန် ကျဆုံးခဲ့ရကာ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မီးသင်္ဂြိုလ်လိုက်ကြောင်း၊ ဇနီးနှင့် သမီးငယ်နှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

“မုံရွာဖက် မရောက်မချင်း သူတို့က မြစ်ကြောင်းနဘေး နယ်မြေရှင်းလင်းရေး လုပ်သွားမယ့်ပုံဆိုတော့ တိုက်ပွဲတွေကတော့ ပိုပြင်းထန်လာမယ် ထင်တယ်ဗျ။ ဒီကောင်တွေက ကျောက်စိမ်းတွေ သယ်လာတာ ဆိုတော့ အတော့်ကို ကြိုးစားကာကွယ်မယ့်ပုံဘဲဗျ” ဟု ဒေသခံ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် ညပိုင်းတွင် အိုင်နောင်ကျေးရွာအနီး ကမ်းကပ်ကာ ညနေ ၆ နာရီအချိန်မှ စတင်၍ အနီးအနားကျေးရွာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်နေရာ ည ၁၂ နာရီအထိ လက်နက်ကြီး အချက် ၁၀၀ ကျော်ခန့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly