ထိုင်းစစ်တပ် ရဟတ်ယာဉ် လေ့ကျင့်ပျံသန်းချိန် ပျက်ကျ၍ ၂ ဦး သေဆုံး

ထိုင်းစစ်တပ် ရဟတ်ယာဉ် လေ့ကျင့်ပျံသန်းချိန် ပျက်ကျ၍ ၂ ဦး သေဆုံး
Photo - Bangkok Post

ဒီဇင်ဘာလ ၁၄ ရက်

ထိုင်းနိုင်ငံ လော့ဘူရီပြည်နယ်ရှိ စစ်တပ် လေကြောင်းပျံသန်းမှုဆိုင်ရာ စင်တာမှ ရဟတ်ယာဉ်တစ်စင်းသည် အင်္ဂါနေ့နံနက်ပိုင်းက လေ့ကျင့်ပျံသန်းစဉ် ပျက်ကျကာ မီးလောင်မှုဖြစ်ရာမှ အမှုထမ်းနှစ်ဦး သေဆုံးကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။ 

အမေရိကန်ရှိ Enstrom Helicopter Corporation မှ ထုတ်လုပ်သော ရဟတ်ယာဉ်သည် နက်ခွန်ဆာဝန်ပြည်နယ် မောင်းခရိုင်ရှိ ဂျီရာပရာဝတ် စစ်စခန်းအရှေ့ဖက် စာတိုက်ရုံးနားတွင် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်၌ ပျက်ကျခြင်းဖြစ်သည်ဟု ယင်း သတင်းရင်းမြစ်က ဆိုသည်။ 

ပျက်ကျမှုအတွင်း ပျံသန်းရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ပန်ပွန် ဘန်ချောင်ပလီအန်နှင့် တပ်ကြပ် ချန်နာကွန်တို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

ယင်း ရဟတ်ယာဉ်မှာ အခြား ရဟတ်ယာဉ်များနှင့်အတူ လေ့ကျင့်ပျံသန်းနေစဉ်အချိန်အတွင်း ပျက်ကျခြင်း ဖြစ်သည်။ 

စစ်တပ်အနေဖြင့် Enstrom Helicopter Corporation ထံမှ Enstrom 480B ရဟတ်ယာဉ် ၂၂ စင်းကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပထမအသုတ် ၁၆ စင်းသည် ၂၀၁၁ ခုနှစ်က ရောက်ရှိကာ ဒုတိယအသုတ် ခြောက်စင်းက ၂၀၁၉ ခုနှစ်တွင် ရောက်ရှိခြင်းဖြစ်သည်။ 

ယခု ပျက်ကျလေယာဉ်ကြောင့် ထိုင်းဘတ်ငွေ ၇၄ သန်း ဆုံးရှုံးနစ်နာရသည်ဟု ဆိုသည်။ 

ထို ရဟတ်ယာဉ်များကို လော့ဘူရီရှိ စစ်တပ် လေကြောင်းပျံသန်းမှုဆိုင်ရာ စင်တာတွင် လေ့ကျင့်ရေးအတွက် အသုံးပြုနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly