အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ယူအေအီးခေါင်းဆောင်များနှင့်‌ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ယူအေအီးခေါင်းဆောင်များနှင့်‌ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) အိမ်ရှေ့မင်းသား အဘူဒါဘီမိုဟာမက်ဘင် ဇာယက်အယ်လ်နာယန်၊ နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်အဗ္ဗဒူလာဘင်ဇာယက်တို့နှင့် တွေ့ဆုံကာ လာမည့်နှစ်များတွင် နှစ်နို်ငငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်လာနို်ငကြောင်း ပြောကြားသည်။

ဝန်ကြီး ဂျိုင်ရှန်ကာသည် ဒီဇင်ဘာ ၄ နှင့် ၅ ရက်တို့တွင် ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် ၂၀၂၁ ခုနှစ် အိန္ဒိယသမုဒ္ဒရာကွန်ဖရင့် အား တက်ရောက်စဉ် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်သည်။ အဆိုပါ ကွန်ဖရင့်၏ ဆောင်ပုဒ်မှာ “အိန္ဒိယသမုဒ္ဒရာ- ဂေဟဗေဒ၊ စီးပွားရေးနှင့် ကူးစက်ရောဂါ” ဟူ၍ ဖြစ်သည်။

အိမ်ရှေ့မင်းသား အဘူဒါဘီနှင့် တွေ့ဆုံအပြီးတွင် ဂျိုင်ရှန်ကာက ၎င်း၏ တွစ်တာစာမျက်နှာတွင် “ဒီနေ့ လက်ခံတွေ့ဆုံတဲ့အတွက် မိုဟာမက် ဘင်ဇာယက်ကို ကျေးဇူးတင်ပါတယ်။ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ နှုတ်ခွန်းဆက်စကားကိုလည်း ဆောင်ကြဉ်းလိုက်ပါတယ်” ဟု ရေးသားခဲ့သည်။

ရှိတ်ခ် မိုဟာမက်နှင့် ဂျိုင်ရှန်ကာတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာ မိတ်ဖက်ဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် ပြည်သူများအားလုံး၏ အကျိုးစီးပွားနှင့် ရည်မှန်းချက်များ အောင်မြင်မှုရရှိစေမည့် ပူးပေါင်းလုပ်ဆောင်မှုများကို ဆွေးနွေးခဲ့ကြသည်။

ယခုကျင်းပခဲ့သည့် ကွန်ဖရင့်ကို စင်ကာပူနိုင်ငံမှ RSIS ၊ သီရိလင်္ကာနိုင်ငံမှ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၊ နှင့် ယူအေအီးနိုင်ငံမှ မဟာဗျူဟာ လေ့လာရေးနှင့် သုတေသနဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly