မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံရသော ဆန်စက်ပိုင်ရှင်အလောင်းကိုသင်္ဂြိုဟ်ပေးသည့် ဒေသခံနှစ်ဦးဖမ်းဆီးခံရကြောင်း ရွာခံများထံမှ သိရသည်။
ဆန်စက်ပိုင်ရှင်၏မိတ်ဆွေများဖြစ်ကြသည့် ကိုထက်နိုင်ထွန်းနှင့် ကိုဂျိူးသန်တို့အား နာရေးအပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
“တခြားဘာအကြောင်းမှမဟုတ်ဘူး၊ အလောင်းကိုဦးဆောင်သင်္ဂြိုဟ်ပေးလို့ ဖမ်းတာ။ သင်္ဂြိုဟ်တဲ့အချိန် စောင့်ကြည့်တာဖြစ်နိုင်သလို သတင်းပေးရှိလို့လာဖမ်းတာလည်းဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။
သံကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှလာရောက်ဖမ်းဆီးစဉ် ထွက်ပြေး၍ သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဆန်စက်ပိုင်ရှင် ဦးဇော်မင်းအား ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်၌ ရပ်မိရပ်ဖအချို့မှ ဝိုင်းဝန်းသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ သာမန်အရပ်သားများဖြစ်ကြပြီး ငါန်းဇွန်မြို့ပေါ်စစ်ကြောရေးသို့ ပို့ဆောင်ခံရခြင်း ဖြစ်နိုင်ကြောင်း ငါန်းဇွန်ပကဖမှ တာဝန်ရှိသူတဦးကပြောသည်။
“သူတို့နှစ်ယောက်က ရွာခံတွေပါ။ သူငယ်ချင်းသေတော့ လာသင်္ဂြိုဟ်ပေးရင်း အဖမ်းခံရတာ။ အင်တာ နက်နဲ့ဖုန်းလိုင်းတွေမကောင်းတော့ မနေ့ကမှ သူတို့အဖမ်းခံရတယ်လို့ သိရတယ်”ဟု ၎င်းကဆိုသည်။
ဦးဇော်မင်းအား စစ်ကောင်စီတပ်ကပစ်သတ်ပြီးနောက် ၎င်းနေအိမ်ရှိ ဆန်အိတ်များနှင့် အခြား အိမ်တွင်း ပစ္စည်းများကိုပါ သယ်ဆောင်သွားကြကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးသည့်အခါတိုင်း ဒေသခံ အရပ်သားများနှင့် အမျိုးသမီးများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်းများ မကြာခဏလုပ်ဆောင်ကြောင်း ငါန်းဇွန်မြို့ခံများက ပြောကြားသည်။
စာတည်း။ ။စောဖေ