ဂရိတ်ဝေါကုမ္ပဏီကို ဌားရမ်းထားသည့် လယ်မြေဧက ၁၀၀၀ကျော်ကို တောင်သူများပြန်သိမ်း

ဂရိတ်ဝေါကုမ္ပဏီကို ဌားရမ်းထားသည့် လယ်မြေဧက ၁၀၀၀ကျော်ကို တောင်သူများပြန်သိမ်း
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ဒီဖင်ဘာ ၃၁ ။            ။ လယ်/ဆည် ဝန်ကြီးဌာနမှ စိုက်ပျိုးရေးသိပ္ပံကျောင်းဆောက်လုပ်မည်ဟုဆိုက ၁၉၇၃ ခုနှစ်က သိမ်းယူခဲ့သည့် လယ်မြေဧက ၁၀၀၀ကျော်ကို စီမံကိန်းမလုပ်ဘဲ ဂရိတ်ဝေါကုမ္ပဏီကို အငှားချထားသည့်အတွက်  တောင်သူများက ဒီဇင်ဘာ ၃၁ရက် မွန်းလွဲ ၁နာရီမှ စတင်ကာ ထွန်တုံးတိုက်ပွဲပြုလုပ်ပြီး ပြန်လည်သိမ်းယူလိုက်ကြောင်း ဦးဆောင်ပြုလုပ်သူ အသက် ၇၁ နှစ်အရွယ် ဦးကျော်ရင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ မကွေ့တရာကျေးရွာအုပ်စုမှ ဒေသခံတောင်သူ ၁၀၀ဦးပိုင်ဆိုင်သည့် ကွင်းအမှတ်(၁၀၈)၊ဦးပိုင်အမှတ် ၅/၁ ရှိ လယ်မြေများကို သိမ်းယူစဉ်က   လျှော်ကြေးနစ်နာကြေး မပေးသည့်အပြင် စိုက်ပျိုးထားသောသီးနှံများကို ဖျက်ဆီး၍ တောင်သူများကိုနှင်ထုတ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

"အဘတို့မြေတွေပြန်ယူချင်နေတာကြာပြီ။ တစ်အုပ်စုလုံးက ကြောက်နေကြတော့ မတွန်းလှန်ရဲကြဘူး။ အခုကျတော့ လူငယ်တွေကလည်း အားကျိုးမာန်တက်ပါလာပြီ ကိုယ့်မြေကိုကိုယ်ပြန်ယူဖို့အားလုံး စိတ်ထက်သန်နေကြတယ်။ ဘယ်သူမှဆင်ရဲတွင်းထဲ မနေချင်ကြဘူး။ အဘတို့မြေတွေကိုသိမ်းတယ်။ အဲဒီမြေတွေကို သူဌေးဌားတယ်။ဒီနေ့အချိန်ထိပဲ။ အဘတို့ မိသာစုတွေကတော့   မြေမဲ့ယာမဲ့ဘဝတွေဖြစ်ပြီး ဒုက္ခဆင်းရဲခံနေကြရတယ်။ ဒီဒဏ်တွေကိုမခံနိုင်တော့လို့ မြေကိုတိုက်ယူတာပဲ "ဟု ဦးကျော်ရင်ကပြောသည်။

နှင်ထုတ်ခံခဲ့ရခြင်းကြောင့် တစ်ချို့မိသာစုများသည်ကျေးရွာကိုစွန့်ခွာ၍ ရွှေတောများနှင့်သစ်ကွင်းများတွင် ကြုံရာကျဘမ်းသွားရောက်လုပ်ကိုင်မှုများပြုခဲ့ရသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုအေးသိန်းကဆိုသည်။

"ကျွန်တော်တို့ကလေးဘဝကတည်း က ရွာမှာအလုပ်မရှိတော့ အဖေနဲ့အမေက ရွှေတောသွားပြီးအလုပ်သွားလုပ်ကြတယ်။  ကျွန်တော်တို့မောင်နှမတွေကို ရွာမှာထားခဲ့ကြတယ်။ ၁၀နှစ်လောက်နေမှ ရွာကိုပြန်လာတော့ အဖေပြန်ပါမလာတော့ဘူး။ အမေကလည်း ဌက်ဖျားမိလာတယ်။ ကျွန်တော်တို့အဲလိုဖြစ်တာကို ဒီနေ့အချိန်ထိ စိတ်ထဲမှာအနာတရဖြစ်နေတုန်းပဲ။ ဒီမြေတွေသာ အသိမ်း မခံခဲ့ရဘူးဆိုရင် ကျွန်တော်တို့မိသာစု သက်သောင့်သက်သာနဲ့နေထိုင်နိုင်မှာပါ။ အခုကျွန်တော်တို့ဘဝတွေစုတ်ပြတ်နေပြီ။အခုချိန်မှာ ဘာမှဂရုမစိုက်တော့ဘူး။ ဒါကြောင့် ဒီနေ့စတိုက်တာပဲ"ဟု လယ် ၁၆ ဧက အသိမ်းခံရသူ အသက် ၄၇ နှစ်အရွယ် ကိုအေးသိန်း ကပြောသည်။

အဆိုပါသိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိစေရန်အတွက် ၂၀၁၃ ခုနှစ်မှစတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်နိုင်ငံတော် သမ္မတအပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအသီးသီးကို အသနားခံစားများအကြိမ်ကြိမ်တင်ကာ တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

အဆိုပါလယ်ယာမြေများကို ဌားရမ်းလုပ်ကိုင်နေသည့် ဂရိတ်ဝေါကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာတွင် စိုက်ကွင်းတာဝန်ခံဆိုသူ က "တရားဝင်ဌားထားတာပါ။သူတို့ဒီလိုလုပ်တာကတော့ သက်ဆိုင်ရာက   ဖြေရှင်းပေးပါလိမ့်မယ်"ဟု ပြန်လည်ဖြေကြားသည်။

စဉ့်ကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး မှ မွန်းလွဲ ၃ နာရီတွင် ဖုန်းကိုင်သူက"အုပ်ကြီး အပြင် ခဏသွားပါတယ်"ဟု ပြောသည်။

မြေသိမ်းထွန်တုံးတိုက်ပွဲဝင်သူများသည် အဆိုပါလယ်ယာမြေထဲတွင် လယ်စောင့်တဲများထိုးကာ ထွန်ယက်မှုများစတင်ကာ ရာသီပေါ်သီးနှံများစိုက်ပျိုးသွားမှာဖြစ်ပြီး သက်ဆိုင်ရာက လာရောက် တားဆီးခဲ့ပါကလည်း ဆက်လက်တိုက်ပွဲဝင်စိုက်ပျိုးသွားမှာဖြစ်ပြီး အရေးယူမှုများပြုလုပ်ပါကလည်း စုပေါင်းရင်ဆိုင်သွားမည်ဟု ထွန်းတုံးတိုက်ပွဲ ဝင်သူများကဆိုသည်။

ပြင်ဦးလွင်ခရိုင်ထဲရှိ မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့တွင် ဝန်ကြီးဌာနအသီးသီးမှသိမ်းယူထား လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူများသည် စုပေါင်းပြီး ဒီဇင်ဘာလ ၂၀ ရက်မှစတင်၍ မြေသိမ်းထွန်တုံးတိုက်ပွဲများဆင်နွှဲလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required