“Game of Thrones” ရုပ်သံဇာတ်လမ်းတွဲမှာ မူပိုင်ခွင့် အထိပါးခံရဆုံး ဇာတ်လမ်းတွဲ စာရင်း၌ ထိပ်ဆုံးတွင် ရှိနေသည်။ Torrentfreak ဝက်(ဘ်)ဆိုဒ်၏ စာရင်းအရဆိုလျှင် ထိုဇာတ်လမ်းတွဲ၏ “Season 5” ကို တရားမဝင် ဒေါင်းလုဒ်လုပ်ကြသည့် အကြိမ်ရေပေါင်း ၁၄ ဒသမ ၄ သန်းရှိကြောင်း သိရသည်။ ထိုဇာတ်လမ်းတွဲ၏ “Season 5” ကို အမေရိကန်တွင် စတင်ပြသအပြီး နောက်တစ်ပတ်တွင်ပင် တရား မဝင် ဒေါင်းလုဒ်လုပ်ကြသည့် အကြိမ်ရေပေါင်း ခုနစ်သန်းကျော် ရှိလာခဲ့ခြင်း ဖြစ်သည်။
မူပိုင်ခွင့် အထိပါးခံရဆုံး ဇာတ်လမ်းတွဲများ စာရင်းတွင် “The Walking Dead” က ဒုတိယ နေရာတွင် ရှိနေကာ “The Big Bang Theory” က တတိယနေရာတွင် ရှိနေသည်။ “The Walking Dead” အား တရားမဝင် ဒေါင်းလုဒ်လုပ်ကြသည့် အကြိမ်ရေပေါင်း ၆ ဒသမ ၆ သန်းခန့်ရှိကာ “The Big Bang Theory” အား တရားမဝင် ဒေါင်းလုဒ် လုပ်ကြသည့် အကြိမ်ရေပေါင်း ၄ ဒသမ ၄ သန်းခန့် ရှိနေသည်။
“Game of Thrones” ဇာတ်လမ်းတွဲမှာ ဇူလိုင်လက Emmy ရုပ်သံထူးချွန်ဆု ပေးပွဲတွင် ဆု ၂၄ ဆုအတွက် အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရသည်။ ယခုလထဲတွင်လည်း “Game of Thrones” သည် ရွှေကမ္ဘာလုံးဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရသည်။