ICC ရဲ့ စုံစမ်းစစ်ဆေးမှုကို ထုချေသွားဖို့ ပြင်ဆင်မယ်လို့ ဒူတာတေး ပြော 

ICC ရဲ့ စုံစမ်းစစ်ဆေးမှုကို ထုချေသွားဖို့ ပြင်ဆင်မယ်လို့ ဒူတာတေး ပြော 
Photo - AFP

အောက်တိုဘာ ၅

ဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ သူ့ရဲ့ လူအသေအဆုံးများတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအပေါ် နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး သူ့ ထုချေချက်အတွက် ပြင်ဆင်သွားမှာ ဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ 

အရင်ကတော့ ICC ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်လိမ့်မှာ မဟုတ်ဘူးဆိုပြီး ဒူတာတေးက အတိအလင်း ပြောဆိုထားခဲ့တာပါ။ 

စက်တင်ဘာလအတွင်းမှာ ICC တရားသူကြီးတွေဟာ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ တရားဝင်ခွင့်မိန့် ချထားခဲ့ပါတယ်။ ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း အရပ်သားတွေအပေါ် တရားလက်မဲ့ပြီး အကွက်ချကျူးလွန်တဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုရင်း လူထောင်ပေါင်းများစွာ သေဆုံးရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ 

“ICC မှာ ကျွန်တော့်ရဲ့ ထုချေချက်အတွက် ကျွန်တော် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်”လို့ တနင်္လာနေ့က ထုတ်လွှင့်တဲ့ ကြိုတင်မှတ်တမ်းတင်ထားတဲ့ မိန့်ခွန်းမှာ ဒူတာတေးက ပြောဆိုပါတယ်။ အခုလို ပြောဆိုလာတာဟာ ICC ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဒူတာတေး အနေနဲ့ ပထမဆုံး အများသိ ပြောဆိုမှုပဲ ဖြစ်ပါတယ်။ 

“အဖြစ်မှန်ကိုပဲ ဖော်ထုတ်ကြစမ်းပါ၊ ဘာကြောင့်လဲဆိုတော့ ဒါတွေအတွက် မှတ်တမ်းတွေ ရှိလို့ပဲ၊ ကျွန်တော် ခင်ဗျားတို့ကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး၊ သက်သေသက္ကာယတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်ကို လိမ်ညာလှည့်ဖျားတာမျိုးတော့ မလုပ်မိပါစေနဲ့”ဆိုပြီး နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ကြေညာပြီး နှစ်ရက်မြောက်မှာပဲ ဒူတာတေးက အခု မိန့်ခွန်းကို ပြောဆိုလာခဲ့တာပါ။ 

ဒူတာ‌ေးဟာ ကမ္ဘာ့ တစ်ခုတည်းသော အမြဲတမ်း စစ်ရာဇဝတ်မှု ခုံရုံး ICC ကို ထပ်တလဲလဲ ပြောဆိုထိုးနှက်နေခဲ့တာ ဖြစ်ပြီး ဖိလစ်ပိုင်မှာ ICC က တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ အတိအလင်း ပြောဆိုထားတာပါ။ 

ICC က ကနဦး စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ချက်မှာ အာဏာရှင်ဆန်တဲ့ သဘောထားတင်းမာသူ ဒူတာတေးဟာ ICC ကနေ ဖိလစ်ပိုင်ကို နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သည်ဟိတ်မြို့ အခြေစိုက် ICC က ဖိလစ်ပိုင်နိုင်ငံ အဖွဲ့ဝင်အဖြစ် ရှိနေတုန်း ကာလမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားစီရင်ပိုင်ခွင့် ရှိတယ်ဆိုပြီး ပြောဆိုထားပါတယ်။ 

မူးယစ်ဆေး စွဲသူတွေနဲ့ ရောင်းဝယ်သူတွေကို တရားမဲ့ သတ်ဖြတ်တဲ့ လုပ်ဆောင်ချက်မျိုး မရှိထားဘူးလို့ ဒူတာတေးက အကြိမ်ကြိမ် ပြောဆိုပေမယ့် သူ့ မိန့်ခွန်းတွေမှာ အကြမ်းဖက်ကိုင်တွယ်ဖို့ လှုံ့ဆော်တာတွေ ပါဝင်နေသလို ရဲတွေအနေနဲ့ အသက်ဘေး ရှိတယ်ဆိုရင် မူးယစ်သံသယရှိသူတွေကို သတ်ဖြတ်နိုင်တယ်ဆိုပြီးလည်း အရင်က ပြောထားဖူးပါတယ်။ 

မူးယစ်စစ်ပွဲ ဆင်နွှဲတဲ့ တာဝန်ရှိသူတွေကိုလည်း ‘ဥပဒေကို လိုက်နာနေသမျှ’ အကာအကွယ်ပေးသွားမှာ ဖြစ်တယ်ဆိုပြီး တနင်္လာနေ့က မိန့်ခွန်းမှာ ဒူတာတေးက ပြောပါတယ်။ 

“ဒီအရေးက ကျွန်တော့် တာဝန်ပါ၊ ခင်ဗျားတို့ ရင်ဆိုင်စရာ မလိုဘူး”လို့ ဒူတာတေးက ပြောပါတယ်။ 

“ICC စုံစမ်းစစ်ဆေးမှုအတွက် ကျွန်တော်ပဲ ဒိုင်ခံဖြေရှင်းမှာပါ၊ တကယ်လို့ တစ်ယောက်ယောက် ထောင်ကျရမယ်ဆိုလည်း ကျွန်တော်ပဲ ထောင်ထဲ သွားမှာပါ”ဆိုပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly