ကျောင်းသားလက်ရုံးတပ်တော် ထူထောင်ရေးကာလ ဦးဆောင်ကော်မတီမှ ဖြေကြားချက်

ကျောင်းသားလက်ရုံးတပ်တော် ထူထောင်ရေးကာလ ဦးဆောင်ကော်မတီမှ ဖြေကြားချက်

စက်တင်ဘာ ၃၀

ဒီတော်လှန်ရေးမှာ လမ်းမပေါ်လူထုလှုပ်ရှားမှုတွေ စတင်ကတည်းက ကျောင်းသားထုဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ထုနဲ့ထည်နဲ့ ပါဝင်ခဲ့ကြတယ်။ လက်နက်ကိုင်တော်လှန်ရေးအသွင်ကို ကူးပြောင်းလာတဲ့အခါမှာလည်း ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ အဓိကမောင်းနှင်အားအသွင်နဲ့ ဆက်လက်ပါဝင်နေကြဆဲပါပဲ။ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး ရေစီးမှာ ကျောင်းသားတွေဟာ ဖိနှိပ်ခံလူထုကို မျက်နှာမူပြီး သပိတ်တိုက်ပွဲကအစ လက်နက်ကိုင်တော်လှန်ရေးအထိ တပ်ဦးကနေပြီး ရွပ်ရွပ်ချွံချွံ ချီတက်ဦးဆောင်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ဒါ့အပြင် လက်ရှိတော်လှန်ရေး အခြေအနေအရ တစ်ကယ့်ကို နိုင်ငံရေးအရ သမာသမတ်ကျပြီး ဖိနှိပ်ခံလူထုကို မျက်နှာမူထားတဲ့ လက်နက်ကိုင်တပ်တစ်ခု မဖြစ်မနေ လိုအပ်နေတယ်။ ဆိုလိုတာကတော့ဗျာ ကျောင်းသားလက်ရုံးတပ် ဘာကြောင့်ဖွဲ့ရတာလဲဆိုတော့ တော်လှန်ရေးရဲ့ တောင်းဆိုချက်ကြောင့်ပဲ။ ဒါက ပထမအချက် ။ ဒုတိယအချက်က လက်ရှိ နိုင်ငံရေး elite တွေရဲ့ သမိုင်းအမြင်က နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးမျိုးဆက် ဖြစ်တဲ့ ကျောင်းသားတွေ၊ လူငယ်တွေရဲ့ သမိုင်းအမြင်နဲ့က အတော်ကွာတယ် ။ ဥပမာ နိုင်ငံရေး elite တွေ ခံယူထားတဲ့ ရှိပြီးသား နိုင်ငံတော်အခြေခံကနေ စဥ်းစားတဲ့ ဖက်ဒရယ်ဆိုင်ရာ အမြင်တွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ အမြင်တွေက ကွာတယ်။ ဒီလိုကွာခြင်းအားဖြင့်က တော်လှန်ရေးရဲ့ နည်းနာရော ရည်မှန်းချက်ရောက သူတို့ကြား ကွာခြားသွားတယ် ။ဆိုလိုတာကတော့ဗျာ ၊ လက်ရှိ ဗမာ/မြန်မာ နိုင်ငံတော် ဆိုတာမျိုးကို ဘယ်လိုမြင်နေလဲ ဆိုတာပါ ကွာတယ်။ ကျွန်တော်တို့ အမြင်မှာတော့ ကျောင်းသားတွေ လူငယ်တွေရဲ့ အမြင်ဟာ ဖိနှိပ်ခံတွေနဲ့ ပိုနီးစပ်တယ်။ ဗမာ/မြန်မာ မဟုတ်တဲ့ တခြားသော လူမျိုးစုတွေနဲ့ ပိုနီးစပ်တယ်။ ဒါက တပ်တော်ကို ဖွဲ့စည်းရခြင်းရဲ့ ဒုတိယအချက်ပဲ ။

နောက်ဆုံးအချက်ကတော့ ရှင်းပါတယ် ။ လက်ရှိတော်လှန်ရေးဟာ Non Violent Tactics တွေနဲ့ မအောင်မြင်နိုင်တော့ဘူးဆိုတာ လူထုတစ်ရပ်လုံးက အသက်တွေ သွေးတွေ ချွေးတွေ ရင်းပြီးတော့ကို သိရှိနားလည်သွားပြီလေ။ ဒီလို သိရှိနားလည်သွားတဲ့ လူထုဆိုတာမှာ ကျွန်တော်တို့ ကျောင်းသားတွေလည်း ပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ စုဖွဲ့မှုကောင်းမွန်ပြီး အမိန့်နာခံမှုကောင်းတဲ့ တပ်တော်တစ်ခုဖွဲ့စည်းပြီး ပါဝင်နေတာပါပဲ ။ တော်လှန်ရေးစတင်ပြီး လပိုင်းအကြာ၊ သပိတ်တိုက်ပွဲများ စတင်ပြီး အကြမ်းဖက်ဖြိုခွင်းခံရတဲ့အချိန်ကတည်းက ကျွန်တော်တို့ရဲ့ ယူဆချက်က ဒီတော်လှန်ရေးဟာ လူထုသပိတ်တိုက်ပွဲနဲ့ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် မတ်လအတွင်းမှာပဲ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ရဲဘော်တွေဟာ မြေပေါ်၊ မြေအောက် တာဝန်များကို ခွဲယူခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်အတွက် တာဝန်ယူတဲ့ရဲဘော်များဟာ လွတ်မြောက်နယ်မြေအသီးသီးကို ထွက်ခွာခဲ့ကြပြီး လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ကူညီထောက်ပံ့ပေးမှုများနဲ့ စစ်ပညာများသင်ယူခဲ့ကြပါတယ်။ ဧပြီလအတွင်းမှာတော့ အခြေခံ စစ်ပညာသင်တန်းဆင်းပြီးခဲ့တဲ့ ကျောင်းသားရဲဘော်များဟာ ကျောင်းသားလက်ရုံးတပ်တော် ဖွဲ့စည်းနိုင်ဖို့အတွက် မြေပေါ်၊ မြေအောက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ရဲဘော်များနဲ့ စည်းဝေးတိုင်ပင်ပြီး ကျောင်းသားလက်ရုံးတပ်တော်ကို လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ရပ်နဲ့ မဟာမိတ်ပြုလက်တွဲပြီး သူတို့ရဲ့ လွတ်မြောက်နယ်မြေတစ်ခုမှာ စတင်သန္ဓေတည်နိုင်ခဲ့ပါတယ်။ ကျောင်းသားလက်ရုံးတပ်တော်ဆိုတဲ့အတိုင်း ကျောင်းသားလူငယ်တွေနဲ့ အဓိကဖွဲ့စည်းမှာဖြစ်ပြီး တပ်တော်ရဲ့ မူဝါဒနဲ့အလံတော်အောက်မှာ တိုက်ပွဲဝင်လိုသူတွေလည်း ပါဝင်မှာပါ။ ကျောင်းသား လက်ရုံးတပ်တော်ရဲ့မျှော်မှန်းချက်က လူထုရဲ့ ငြိမ်းချမ်း​ရေးနဲ့ တည်ငြိမ်ရေးကို အားပေးမြှင့်တင်ပေးကာ နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးနဲ့ မိမိကံကြမ္မာမိမိ ဖန်တီးခွင့်ရရန် ကြိုးပမ်းနေသူ ဖိနှိပ်ခံလူသားအားလုံးအတွက် ကောင်းမွန်သော တပ်ဖွဲ့တစ်ခုဖြစ်ရန် ဖြစ်ပါတယ်။ ရည်မှန်းချက်တွေကတော့ လူထုကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်သစ် တည်ဆောက်ရေးကို အားပေးကူညီရန် ၊စစ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အောင်မြင်မှု ရရှိရန်၊ မိမိကံကြမ္မာမိမိ ဖန်တီးခွင့်ရရန် ကြိုးပမ်းနေသူ ဖိနှိပ်ခံလူသားအားလုံးနှင့် မဟာမိတ်ပြုတိုက်ပွဲဝင်ရန် တို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ တပ်တော်မှာ မူတွေ ရှိပါတယ်။ မဟာမိတ်ဆိုင်ရာ မူဝါဒတွေလည်းရှိပါတယ်။ အဲဒီ မူတွေ ၊ မူဝါဒတွေနဲ့ သူတို့ မူဝါဒတွေ ကိုက်ညီရင်တော့ မဟာမိတ်ပြု လက်တွဲတိုက်ပွဲဝင်သွားမှာပါပဲ။ Local Pdf တွေနဲ့လည်း ထိုနည်းတူပါပဲ။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) နဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ဟာ စုဖွဲ့မှုမတူပါဘူး။ ကျောင်းသားလက်ရုံးတပ်တော်ဟာ စစ်ရေးနိုင်ငံရေး စွမ်းရည်ပြည့်ဝတဲ့ အခြေအနေကို ရောက်တဲ့အချိန်တစ်ခုအထိ ၊ စုဖွဲ့မှုတွေ ၊ လေ့ကျင့်မှုတွေ ၊ စည်းရုံးစုဆောင်းမှုတွေ လုပ်နေဖို့ လိုအပ်နေပါသေးတယ်။သိပ်မကြာခင် ကာလအတွင်းမှာတော့ ကျောင်းသားလက်ရုံး တပ်တော်ဟာ စနစ်တကျ ဖွဲ့စည်းတည်ဆောက်မှုများနဲ့ တရားဝင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ထုတ်ပြန်မှာပါ။

လက်ရှိကာလမှာတော့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ တည်ရှိနေမှုကိုပဲ ထုတ်ပြန်ထားခြင်းရှိပါတယ်။ကျောင်းသားလူငယ်အများစုလည်း ဆက်သွယ်ချိတ်ဆက်လာမှုတွေ ရှိနေပါတယ်။ ‌သွေးသစ်လောင်းထားတဲ့ ကျောင်းသားတပ် လိုအပ်တယ်။ ကျောင်းသားတပ်မတော် (သို့) ကျောင်းသား လက်နက်ကိုင်တပ်လို့ ဆိုလိုက်တာနဲ့ တစ်ချိန်ကရှိခဲ့ဖူးတဲ့ ABSDF ရဲ့ သမိုင်းတချို့ကို ပြန်မြင်ကြပြီး စိတ်ထဲမှာ အနည်းငယ် လေးလံသွားနိုင်ပါတယ်။

သို့သော် လက်နက်ကိုင်လမ်းစဥ် သမိုင်းစာမျက်နှာ တချို့ပေါ်က အမည်းကွက်အနည်းငယ်ကလွဲလို့ ခေတ်တိုင်းမှာ ရဲရဲဆုံးဖြတ်၊ ရဲရဲရွေးချယ်ပြီး ကိုယ်ရွေးတဲ့လမ်းကို ရဲရဲလျှောက်ခဲ့တဲ့ ကျောင်းသားတွေ ထုနဲ့ထည်နဲ့ပါပဲ။ သူတို့ခေတ်မှာ သူတို့ရေစီးခဲ့ကြပါတယ်။ ကျွန်တော်တို့ခေတ်မှာ ကျွန်‌တော်တို့ ရေစီးကြရပါလိမ့်မယ်။ နွေဦးတော်လှန်ရေးဦးပိုင်း လူထုလှုပ်ရှားအုံကြွမှုတွေမှာ ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားထုဟာ ဒီနေ့မတိုင်ခင် အရှေ့ပိုင်းကာလတွေကတည်းက လက်နက်ကိုင်လမ်းစဥ်ကို ရဲရဲရွေးချယ်ပြီး၊ ရဲရဲလျှောက်နေကြပါပြီ။ လက်နက်ကိုင်လမ်းစဥ်ရဲ့ ပုံသဏ္ဌာန်အမျိုးမျိုး၊ ဖွဲ့စည်းမှုအမျိုးမျိုး၊ အစုအဖွဲ့အမျိုးမျိုးမှာ ကျောင်းသားထုရဲ့ အင်အားအများဆုံးနဲ့ ပါဝင်နေကြတာပါပဲ။ ဒီလိုအချိန်မှာ သို့တည်းမဟုတ် ဒီထက်ပိုပြီးစောသင့်တဲ့အချိန်မှာ ကျောင်းသားထုက ဦးဆောင်တဲ့ တပ်တစ်ခုဟာ ပေါ်ပေါက်လာဖို့လိုပါတယ်။ ဆိုခဲ့သလိုပဲ တော်လှန်ရေးရဲ့ အဓိကမောင်းနှင်အားဖြစ်ခဲ့တဲ့ ဖြစ်နေဆဲဖြစ်တဲ့ ကျောင်းသားတွေဟာ ကျောင်းသားဆိုတဲ့ identity တစ်ခုကိုနောက်ခံပြု နိုင်ငံရေးသမာသမတ်ကျမှုနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမယ့် စုဖွဲ့မှုမျိုး လိုပါတယ်။ ဒီတော့ ကျောင်းသားထုဟာ ရှေ့ခက်ပြီးခက်ခဲကြမ်းတမ်းမယ့် အခြေအနေတွေမှာ ပြည်သူလူထုနဲ့ အနီးကပ်လက်တွဲပါဝင်ရင်း တစ်ချိန်ကရှိခဲ့တဲ့ ကျောင်းသား လက်နက်ကိုင်စုဖွဲ့မှုရဲ့ သမိုင်းအမည်းစက်ကို ရိုက်ချိုးရင်း၊ ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ရေစီးရပါလိမ့်မယ်။ အထက်မှာဆိုခဲ့ပြီးတဲ့ မျှော်မှန်းချက်နဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ဒါတွေဆီကို ရောက်သည်အထိ ကျွန်တော်တို့ဟာ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ အလံတော်နဲ့အတူ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲသွားမှာပါပဲ။ တော်လှန်ရေးဟာ ရှည်ကြာပါလိမ့်မယ်။ ဒါ့အပြင် စစ်ကိုစစ်နဲ့ ရင်ဆိုင်ကြမယ့် တော်လှန်ရေးဖြစ်တဲ့အတွက် ကြမ်းတမ်းမှုတွေကို မလွဲမသွေကြုံရမှာပါပဲ။ ဒီအတွက် ကျောင်းသားထုနဲ့ လူထုတစ်ရပ်လုံးဟာ စိတ်ဓာတ်ကို အမာဆုံးပြင်ဆင်ထားဖို့လိုသလို အအခြေအနေအရပ်ရပ်အတွက်လည်း ကြိုတင်ပြင်ဆင်ပြီး တော်လှန်ရေးမှာ ပါနိုင်တဲ့အခန်းကဏ္ဍက ပါဝင်ပါ။ နောက်တစ်ချက်ကတော့ ဒီလို စစ်အာဏာသိမ်းမှုဖြစ်စဥ်နဲ့ တော်လှန်ရေးကို အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ကြဖို့ပါပဲ။ နှစ်ပေါင်းများစွာတိုင် အဖြေမထွက်ခဲ့တဲ့ ရလဒ်မထွက်ခဲ့တဲ့ တိုင်းပြည်ရဲ့ ပြဿနာအရပ်ရပ်နဲ့ ဖိနှိပ်မှုအရပ်ရပ်ကို အမြစ်ကဖြတ်နိုင်မယ့် အခွင့်အရေးဟာ ဒီခေတ်မှာ ကျရောက်လာတာပါပဲ။ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အခိုင်မာဆုံးသော စိတ်ဓာတ်များနဲ့ တော်လှန်ရေးရဲ့ ကျရာကဏ္ဍတိုင်းမှာ ပါဝင်ကြဖို့ အလေးအနက်တိုက်တွန်းပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly