ကျောင်းသားထု သွေးစည်းညီညွတ်ရေးအား သမိုင်းပေးတာ၀န်အဖြစ် ဆောင်ရွက်သွားမည်ဟု  ကျောင်းသားလက်ရုံးတပ်တော် ၂ နှစ်ပြည့်တွင် ထုတ်ပြန်

By မောင်ခက်နွေ (မဇ္ဈိမ) 
27 April 2023
ကျောင်းသားထု သွေးစည်းညီညွတ်ရေးအား သမိုင်းပေးတာ၀န်အဖြစ် ဆောင်ရွက်သွားမည်ဟု  ကျောင်းသားလက်ရုံးတပ်တော် ၂ နှစ်ပြည့်တွင် ထုတ်ပြန်

ကျောင်းသားလက်ရုံးတပ်တော်၏ နှစ်နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၂၇ရက်နေ့တွင်ကျောင်းသားထု သွေးစည်းညီညွတ်ရေးအား သမိုင်းပေးတာ၀န်အဖြစ် ဆောင်ရွက်သွားမည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါသည်။ 

ထုတ်ပြန်ချက်ကို  ကျောင်းသားလက်ရုံးတပ်တော်နှင့် ကျောင်းသားလက်ရုံးတပ်တော်အား နိုင်ငံရေး ဦးဆောင်မှု ပေးနေသည့် တကသများ-ရန်ကုန် တို့ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ထုတ်ပြန်ချက်တွင်   စစ်အာဏာရှင်ကို အကြွင်းမဲ့ဖြိုချပြီး နိုင်ငံတော်သစ်တစ်ရပ်အောင်မြင် စွာထူထောင်နိုင်ရန် ကျေလည်မှု၊ ယုံကြည်မှုရှိစွာဖြင့် လက်တွဲဆောင်ရွက်နိုင်ခြင်းသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ တကသများရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့သည် ခိုင်မာအားကောင်းသော နိုင်ငံရေး၊ စစ်ရေးတပ်ပေါင်းစုများအဖြစ် ဖော်ဆောင်‌နိုင်ရေးအတွက် ညီညွတ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်းပါရှိသည်။

ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် တကသများရန်ကုန်၏ နိုင်ငံရေး မူသုံးချက်ကို စွဲကိုင်၍ အဖိနှိပ်ခံလူထုဘက်မှ ရပ်တည်တိုက်ပွဲ၀င်လျက်ရှိပြီး ကျောင်းသားအမှတ်သညာ ကိုယ်စားပြုထားသော တော်လှန်ရေးတပ်ဖြစ်သည်နှင့်အညီ ကျောင်းသားထုတစ်ရပ်လုံးမှ ဖြစ်တည်လာသော ကျောင်းသားသမဂ္ဂစုဖွဲ့မှုမှ ဦးဆောင်ရမည်ဟု ယုံကြည်ကြောင်း၊တပ်တော် နှစ်နှစ်ပြည့်ကာလမှသည် တော်လှန်ရေးဆုံးခန်းတိုင်သည်အထိ နိုင်ငံရေး ဦးဆောင်မှုအဖြစ်ကျောင်းသားထု သွေးစည်းညီညွတ်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်။ 

 ကျောင်းသားလက်ရုံးတပ်တော်သို့  အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ PSLF/TNLA နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)     တို့က ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly