မြို့ပြစစ်ဆင်ရေးသည်သာ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်ကြောင်း SOF တာဝန်ခံ ပြော 

By ဂျူချန်း၊ YT(မဇ္ဈိမ)
21 July 2023
မြို့ပြစစ်ဆင်ရေးသည်သာ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်ကြောင်း SOF တာဝန်ခံ ပြော 

မြို့ပြစစ်ဆင်ရေးသည်သာ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တာဝန်ခံက ၎င်းတို့အဖွဲ့အစည်း တည်ထောင်ခြင်းနှစ်နှစ်ပြည့်တွင် မဇ္ဈိမကိုပြောသည်။ 

" ၂၀၂၃ မှာ အပြောင်းအလဲတစ်ခုဖြစ်လာမယ်ဆိုတာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆုံးအဖြတ်တစ်ခုလည်းဖြစ်မယ်။ အဆုံးသတ်အနေနဲ့လည်း ဖြစ်ရင် ဖြစ်သွားနိုင်ပါတယ်။ သေချာတာကတော့ ၂၀၂၃ နှစ်ကုန်အလွန်မှာဆိုရင် နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်မယ်လို့ယုံကြည်ပါတယ်။ အခုက ကျွန်တော်တို့ ပြောသလိုပဲ မြို့ပြစစ်ဆင်ရေးဟာ မဖြစ်မနေ အဆုံးသတ် အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲမျိုး ဖြစ်တဲ့အခါကျတော့ မြေပြင်ကအဖွဲ့တွေနဲ့ ချိတ်ဆက်မှုကောင်းကောင်းနဲ့ လုံခြုံရေးအရ သတိဝိရိယရှိရှိနဲ့ အရှိန်အဟုန်နဲ့ လုပ်ရင်တော့ ဒီထက်ပိုပြီးကောင်းလာမယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။  

SOF ပြုလုပ်ခဲ့သည့်  မြို့ပြစစ်ဆင်ရေးများနှင့် ကျေးလက်စစ်ဆင်ရေးများ  စုစုပေါင်း ၈၇ ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၂၆၂ ဦးသေဆုံးပြီး  လက်နက်ကြီး၊ သေနတ် ၅၄ လက်နှင့် စစ်ကောင်စိထတပ်သားများထံက မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့ကားအချို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

" ပြည်သူ့ခုခံတော်လှန်စစ် ( D Day) စတဲ့အချိန်၊ ၂၀၂၁ စက်တင်ဘာလ ၇ ရက်နေ့ မတိုင်ခင်ကတည်းက SOF တပ်ရင်းတစ်ရင်းလုံးက ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ပဲခူး အဲ့ဒီမှာ ကျွန်တော်တို့ ဝင်ပြီးအခြေချတယ်။ အဲ့ဒီမှာ အခြေချပြီးတော့ D Day ဆိုပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကနေ စတင်ကြေညာတဲ့အချိန်ကနေ စပြီးတော့ မြို့ပြစစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့ပါတယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။ 

SOF သည် မြို့ပြစစ်ဆင်ရေးအား" ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေး" အစရှိသည့် စစ်ဆင်ရေးအမည်များဖြင့် လှုပ်ရှားခဲ့ပြီး အောင်မြင်မှုများစွာ ရရှိသကဲ့သို့ ရဲဘော်များ၊ ရဲဘော်မိသားစုဝင်များ မတရား အဖမ်းအဆီးခံရခြင်းများရှိကြောင်း၊ အခြားသော မြေပြင်တပ်ဖွဲ့များနှင့်လည်း ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း SOF တာဝန်ခံက ဆိုသည်။ 

" မြို့ပြစစ်ဆင်ရေးတွေမှာ ကျွန်တော်တို့အနေနဲ့ အောင်မြင်မှုတွေလည်း ရခဲ့သလို ဆုံးရှုံးမှုတွေ၊  ရဲဘော်တွေ အချို့မတရားဖမ်းဆီးခံလိုက်ရတာတွေလည်းရှိတယ်။ အချို့ ရဲဘော်မိသားစုတွေလည်း မတရားဖမ်းဆီးခံရတာတွေရှိတယ်၊ အဲ့ဒီအတွက် ပိုအလုပ်လုပ်ရမှာပေါ့။ နောက်တစ်ခုက မြို့ပြစစ်ဆင်ရေး စလုပ်တဲ့အချိန်မှာက အခြားအဖွဲ့တွေရော ကျွန်တော်တို့တွေပါ မြို့ပြစစ်ဆင်ရေးမှာ အားနည်းနေသေးတယ်၊ ပူးပေါင်းဆောင်ရွက်မှုလည်း အားနည်းခဲ့တယ်ပေါ့" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

 မြို့ပြစစ်ဆင်ရေးများအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နှင့် တပ်မဟာ (၄) နယ်မြေများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့် ကျေးလက်စစ်ဆင်ရေးများစွာကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

SOF သည် တော်လှန်ရေး​၏ မြှားဦးအနေဖြင့် စစ်ဆင်ရေးဆောင်ရွက်ချက်များကို စတင်ခဲ့ကြပြီး ဆက်လက်၍လည်း မတရားဖမ်းဆီးခံထားရသူများ၊ ကျဆုံးသွားသော အာဇာနည်ရဲဘော်များနှင့် မြန်မာတစ်နိုင်ငံလုံး​၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝအာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ဖြစ်ထွန်းပေါ်ပေါက်သည်အထိ တော်လှန်ရေး​၏ အမြုတေအဖြစ် ဆက်လက်တိုက်ပွဲဝင်သွားမည့်အကြောင်း အသိပေးထုတ်ပြန်ထားသည်။

SOF အား၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အင်အား ၁၇၀ ဝန်းကျင်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့​၏ စီမံချက်အတိုင်း မြို့ပြစစ်ဆင်ရေးအနေဖြင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် မြို့ပြစစ်ဆင်ရေးများကို သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့ကြောင်း SOF တာဝန်ခံထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly