ကနေဒါရွေးကောက်ပွဲမှာ လူနည်းစုအစိုးရအဖြစ် ဝန်ကြီးချုပ်ရဲ့ လစ်ဘရယ်ပါတီ အနိုင်ရနေ

ကနေဒါရွေးကောက်ပွဲမှာ လူနည်းစုအစိုးရအဖြစ် ဝန်ကြီးချုပ်ရဲ့ လစ်ဘရယ်ပါတီ အနိုင်ရနေ

စက်တင်ဘာ ၂၁

လူသစ်တန်းက ကွန်ဆာဗေးတစ်ခေါင်းဆောင်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ကနေဒါရွေးကောက်ပွဲမှာ ပြည်သူတွေဟာ ဝန်ကြီးချုပ် ဂျက်စတင်း ထရူဒိုကို တနင်္လာနေ့မှာ အာဏာထပ်အပ်နှင်းလိုက်ပေမယ့် လုံးလုံး မဲအသာစီးတော့ မရအောင်တော့ ဝန်ကြီးချုပ်အနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ကြောင်း ရုပ်သံသတင်းဌာနတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ သိရပါတယ်။ 

ကမ္ဘာ့မှာ စံပြအဖြစ်ဆုံးထဲပါဝင်တဲ့ ကနေဒါနိုင်ငံရဲ့ ချောမွေ့တဲ့ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်ကနေ နောက် ခြေလှမ်းတစ်ဆင့်တက်ရေးနဲ့ နိုင်ငံကို ကပ်ဘေးကနေ ရုန်းထွက်ရေး လုပ်ပိုင်ခွင်အာဏာသစ်တွေ ရရှိပြီး အတိုက်အခံ အင်အားမများဘဲ သူ့လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ထရူဒိုဟာ ပြီးခဲ့တဲ့လက ကြားဖြတ်ရွေးကောက်ပွဲ ခေါ်ယူခဲ့တာပါ။ 

ဒါပေမဲ့ မဲဆွယ်စည်းရုံးမှု ခရီးကြမ်း ငါးပတ်တာ အပြီးမှာတော့ ထရူဒိုရဲ့ အသံဟာ အားပျော့လာခဲ့ပြီး လွှတ်တော်မှာ လူများစု နေရာ မဆုပ်ကိုင်နိုင်ဘဲ အားနည်းစွာနဲ့ အာဏာဆုပ်ကိုင်ထားရတဲ့ ၂၀၁၉ အထွေထွေရွေးကောက်ပွဲ ရလဒ်အတိုင်း တစ်ကျော့ပြန် ဖြစ်လာပုံ ရှိနေတော့တာပဲ ဖြစ်ပါတယ်။ 

“ကနေဒါပြည်သူတွေဟာ ကပ်ဘေးကနေ ရှေ့မှာ ဆီးကြိုနေတဲ့ တောက်ပတဲ့ နေ့ရက်တွေဆီ အရောက်လှမ်းနိုင်ရေး ရှင်းလင်းတဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့အတူ ကျွန်တော်တို့ကို တာဝန်အပ်နှင်းလာတာပဲ ဖြစ်တယ်”လို့ အောင်ပွဲအထိမ်းအမှတ်ပွဲတစ်ခုမှာ ဇနီးဖြစ်သူ ဆိုဖီ ဂရီ‌ဂေါ်ရီနဲ့ သားသမီးတွေ ခြံရံလျက် ထရူဒိုက ပြောပါတယ်။ 

“ဒီ အပ်နှင်းတဲ့ တာဝန်ကိုလည်း လုပ်ဆောင်ဖို့ ကျွန်တော်တို့ အမှန်တကယ် အသင့်ရှိနေတာလည်း ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။ 

အသက် ၄၉ နှစ်အရွယ် ထရူဒိုအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံရေးယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပြီး ကြံ့ကြံ့ခိုင် ရပ်တည်နေနိုင်ဆဲ ရှိနေပါတယ်။ 

ဒါပေမဲ့ အာဏာရပြီး ခြောက်နှစ်အကြာမှာ သူ့အစိုးရမှာ ဖိစီးမှုဒဏ်သင့်နေတဲ့ အရိပ်လက္ခဏာတွေ မြင်တွေ့လာရပြီး ၂၀၁၅ မှာ သောင်ပြိုကမ်းပြို အနိုင်ရတုန်းက ပေးထားတဲ့ မျှော်လင့်ချက်ကြီးကြီးတွေကို မဖြည့်ဆည်းပေးနိုင်တဲ့နောက် လစ်ဘရယ်ပါတီကို ပြည်သူတွေ ဆက်လက်ယုံကြည်သက်ဝင်ရေးအတွက် ထရူဒိုအနေနဲ့ လေဆန်ခရီးကြမ်းကို ကြိုးပမ်းလျှောက်လှမ်းနေခဲ့ရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly