ရွေးကောက်ပွဲများတွင် တရုတ်၏စွက်ဖက်မှုကို စုံစမ်းစစ်ဆေးသွားမည်ဟု ကနေဒါဝန်ကြီးချုပ် ပြောကြား

By BBC
14 March 2023
ရွေးကောက်ပွဲများတွင် တရုတ်၏စွက်ဖက်မှုကို စုံစမ်းစစ်ဆေးသွားမည်ဟု ကနေဒါဝန်ကြီးချုပ် ပြောကြား

ကနေဒါတွင် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် တရုတ်က ဝင်ရောက်စွက်ဖက်သည်ဆိုသော စွဲချက်များနှင့် ပတ်သက်ပြီး လွတ်လပ်သည့် အထူးကိုယ်စားလှယ်တစ်ဦးက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ပြောကြားလိုက်သည်။ 

ခန့်အပ်ခံရသော စုံစမ်းစစ်ဆေးရေးမှူးသည် ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ် ကနေဒါရွေးကောက်ပွဲများဆိုင်ရာ လျှိုဝှက်အစီရင်ခံစာများကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး အနာဂတ်ရွေးကောက်ပွဲများအတွက် အကြံပြုချက်များ ပေးသွားမည်ဖြစ်သည်။
ပြိုင်ဖက်နိုင်ငံရေး ပါတီခေါင်းဆောင်များက အစိုးရအဖွဲ့အနေဖြင့် စုံစမ်းရန် တောင်းဆိုခဲ့ကြသည်။

တရုတ်က ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး အခြေအမြစ်မရှိသည့် အသရေဖျက်မှုသက်သက်ဟု တုံ့ပြန်ခဲ့သည်။

ထရူးဒိုးက ကနေဒါ၏ အချုပ်အခြာအာဏာကို စိန်ခေါ်သည့် အကြောင်းအရာများသည် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး ကနေဒါနိုင်ငံသားကို ထိခိုက်စေကြောင်း အော့တာဝါမြို့ရှိ ပါလီမန်လွှတ်တော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“လုပ်ပိုင်ခွင့်တွေအများကြီးရမယ့် လွတ်လပ်တဲ့ အထူးကိုယ်စားလှယ်ကို ခန့်အပ်မှာဖြစ်ပြီး စွက်ဖက်မှုကို တိုက်ဖျက်ပြီး ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို အားကောင်းစေဖို့အတွက် ကျွမ်းကျင်သူရဲ့ အကြံပြုချက်တွေကို ရယူသွားမှာပါ” ဟု ထရူးဒိုးက ပြောကြားခဲ့သည်။

ကိုယ်စားလှယ်ကို မရွေးချယ်ရသေးကြောင်းနှင့် မကြာမီ ခန့်အပ်သွားမည်ဖြစ်ကြောင်း ထရူးဒိုးက ပြောသည်။ 

ကနေဒါသည် တရုတ်သာမက အီရန်နှင့် ရုရှားတို့၏ စွက်ဖက်ရန် ကြိုးပမ်းမှုများကို အချိန်အတော်ကြာကတည်းက သတိပြုမိကြောင်းနှင့် ယခုပြဿနာသည် အသစ်အဆန်းမဟုတ်ကြောင်း ပြောသည်။

တရုတ်အာဏာပိုင်များသည် စွပ်စွဲချက်အစီရင်ခံစာများကို အခြေအမြစ်မရှိသော အသရေဖျက်သည့် ပုံကြီးချဲ့မှုတစ်ခုဟုဆိုကာ ပယ်ချခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly