ချင်းပြည်နယ်တွင် စစ်ကောင်စီက သတိပေးစာလိုက်ကပ်နေခြင်းမှာ ရယ်စရာဖြစ်နေသည်ဟု ဒေသခံများဆို

ချင်းပြည်နယ်တွင် စစ်ကောင်စီက သတိပေးစာလိုက်ကပ်နေခြင်းမှာ ရယ်စရာဖြစ်နေသည်ဟု ဒေသခံများဆို

ဩဂုတ် ၂၆

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက CDFများ သိရှိစေရန် ၊ ကျေးရွာစွန့်ခွာ ဒေသခံပြည်သူများ သိရှိရန်နှင့် အများပြည်သူများ သိရှိစေရန်ဟု ခေါင်းစဉ်တပ်ထားသည့် စာရွက်များ လိုက်လံကပ်ထားကြေညာခြင်းသည် ရယ်စရာတစ်ခုပမာဖြစ်နေသည်ဟု ဒေသခံများကဆိုသည်။

"ကျွန်မတို့တွေ အားလုံးမြို့ပေါ်ကနေ ထွက်ပြေးကြတယ်။ အိမ်မှာ ဦးလေးတစ်ယောက်ပဲ ဝက်တွေ ကြက်တွေ အစာကျွေးဖို့ဆိုပြီး ကျန်ခဲ့တယ်။ အဲဒီမှာ စကစတွေ ကင်းလှည့်တော့ တွေ့ပြီး အားလုံးက ပြေးကုန်တယ်။ မင်းကမပြေးဘူးလားဆိုပြီး တောထဲကသူတွေကို သတင်းပေးဖို့လားဆိုပြီး ရိုက်နှက်သွားကြတယ်။ ဒါကြောင့် ဒီထုတ်ပြန်ချက်က ရီစရာလိုဖြစ်နေတာပေါ့''ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းစာရွက်များတွင် ဖုန်းနံပါတ်များဖော်ပြထားပြီး အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်မှုမရှိသော အပြစ်မဲ့ပြည်သူများအနေဖြင့် နေအိမ်စွန့်ခွာထွက်ပြေးရန် မလိုအပ်ကြောင်း သိရှိစေလိုပါသည် ဟု ရေးသားထားကြောင်း ဒေသခံများထံက သိရသည်။

သည့်အပြင် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည့် ခွီရိန်းရွာသားတစ်ဦးကလည်း ''စစ်ကောင်စီတပ်တွေက အခုရက်ပိုင်း ရွာတွေဘက်ကို နယ်မြေရှင်းလင်းရေးလုပ်နေတယ် သူတို့က ရွာထဲကို မဝင်ခင်ထဲက လက်နက်ကြီးတွေနဲ့ ရမ်းပစ်ပြီးမှဝင်လာကြတာ ဘယ်သူက နေရဲမှာလဲ''ဟု ဆိုသည်။

စစ်ကောင်စီတပ်များမှ ချင်းပြည်နယ်အတွင်း CDFများသိရှိရန် ၊ကျေးရွာစွန့်ခွာ ဒေသခံပြည်သူများ သိရှိရန်နှင့် အများပြည်သူများ သိရှိစေရန် ဆိုသည့် ယင်းကြေညာကပ်စာထဲတွင် NLDပါတီအနေဖြင့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲလိမ် ၊မဲခိုး၊ ကလိမ်ကကျစ်လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် မဲခိုးပါတီအဖြစ် ရောက်ရှိနေပြီး ၎င်းတို့ ပါတီရပ်တည်နိုင်ခြင်းရှိတော့မည် မဟုတ်နှင့် CDFအဖွဲ့များသည် အကြမ်းဖက်အဖွဲ့ ဖြစ်သဖြင့် လက်စတုန်း ချေမှုန်းပစ်မည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required