"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးပွဲတွေ ဘယ်ဘက် ဦးတည်နေသလဲ"

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးပွဲတွေ ဘယ်ဘက် ဦးတည်နေသလဲ"

ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး “ နိုင်ငံ့အကျိုးအတွက် သဘောတူညီမှု ယူနိုင်တယ် ဆိုတာ ဒါ ကြီးမားတဲ့ အကျိုးပဲ ”လို့ ပြောဆိုလိုက်ပါပြီ။ အခုရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် စစ်အာဏာရှင်ဟောင်း အပါအဝင် လက်ရှိ အစိုးရ၊ တပ်မတော်၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့   တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒီတွေ့ဆုံမှုတွေဟာ လိုအပ်သလား၊ ဒီ တွေ့ဆုံမှုတွေဟာ ဘယ်လို အဓိပ္ပါယ် ဆောင်သလဲ၊   ရှေ့အလားအလာရော   ကောင်းလာမလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နေပြည်တော် စစ်ဌာနချုပ်ထဲက သူ့ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုနဲ့ အောင်မြင်မှုကို သူ့အနေနဲ့ အသိအမှတ်ပြုတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ အနာဂတ် ခေါင်းဆောင်ဆိုတာ လူတိုင်းလက်ခံရမယ့် အမှန်တရားပဲ ဖြစ်တယ်။ တိုင်းပြည် တိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမှန်တကယ် ကျိုးစားဆောင်ရွက်မယ် ဆိုရင် သူ တတ်နိုင်သမျှ ကူညီမယ်” ဆိုပြီး ပြောဆိုခဲ့တယ်လို့ ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ အဲဒီ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “ထုတ်ပြန်ချက်အတိုင်း လက်ခံလိုက်လို့ ရပါတယ်” လို့ RFA သတင်းဌာနကို ပြောဆို အတည်ပြုပေးလိုက်ပါပြီ။ ဒါကြောင့်လည်း ဒီတွေ့ဆုံမှုကို ဒေါ်အောင်ဆန်းစုကြည်က “ နိုင်ငံ့အကျိုးအတွက် သဘောတူညီမှု ယူနိုင်တယ် ဆိုတာ ဒါ ကြီးမားတဲ့ အကျိုးပဲ ”လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သမ္မတ နဲ့ တွေ့ဆုံခဲ့မှုမှာလည်း အစိုးရတာဝန် လွဲှပြောင်းရေး ဆိုင်ရာတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း၊ ဆွေးနွေးမှု အဆင်ပြေ ချောမွေ့ကြောင်း၊ နောက်ပိုင်း သမ္မတ ရုံးနဲ့ အင်န်အယ်လ်ဒီ ဆက်သွယ်ရေး လမ်းကြောင်းတွေ ထူထောင်သွားမယ် ဆိုတဲ့အကြောင်း နှစ်ဖက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဆွေးနွေးမှုနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က “Transfer of power ပါပဲ။ အမေရိကန်ပြည်ထောင်စုမှာတော့ လုပ်နေကြပေါ့။ ရွေးကောက်ပွဲပြီးရင် သမ္မတ တစ်ယောက်ကနေ နောက်တစ်ယောက်ကို လွဲှပေးတာ။ တစ်ချို့နိုင်ငံတွေမှာလည်း သမ္မတ စနစ်မဟုတ်ရင်တောင် ပါလီမန် စနစ်ဆိုရင်တောင် အစိုးရတစ်ဖွဲ့ကနေ နောက်တတစ်ဖွဲ့ကို လွဲှပေးတာ၊ အဲဒါ သတ်သတ်မှတ်မှတ်လေး လုပ်ဖို့ ဆိုလိုတဲ့ သဘောပေါ့။” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

တစ်နေ့တည်းမှာ တွေ့ခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်လို့လည်း ပြောဆိုဆွေးနွေးရတာ အဆင်ပြေတယ်လို့ ဆိုပါတယ်။ တပ်ချုပ်နဲ့ နောက်ထပ် ဆက်ဆွေးနွေးဖို့ လိုဦးမှာဖြစ်ပြီး ရေရှည်မှာဆိုရင် ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စလိုမျိုးတွေလည်း ပါလာမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လတ်တလောကတော့ အစိုးရတာဝန် အလွဲှအပြောင်းကာလ မှာ ချောမွေ့ဖို့၊ တည်ငြိမ်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကြားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အကြိမ်ကြိမ် တွေ့ဆုံပါတယ်။ တွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက သူ့ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ယေဘူယျ သဘော ထုတ်ပြန်တာလောက်ပဲ လုပ်ပေမယ့် တကယ့်အခြေအနေမှာတော့ အသွင်ကူးပြောင်းရေးကာလ အဆင်ပြေ ချောမွေ့ရေး ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသမျှကို သူရဦးရွှေမန်းက သူ တတ်နိုင်တဲ့ ဘက်က အကူအညီပေးနေတယ်လို့ ယူဆနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရုံးမှာ သွားရောက် တွေ့ဆုံပါတယ်။ အဓိကကတော့ သူလုပ်ကိုင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေအကြောင်း ပြောဆိုရှင်းပြတာဖြစ်ပြီး နောင် ငြိမ်းချမ်းရေးကိစ္စကို ဆက်ပြီး ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းတွေ လွဲှအပ်ဖို့ စ ပြီး မိတ်ဆက်ပေးနေတဲ့ သဘောလည်းဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ဦးအောင်မင်း အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို အသိအမှတ်ပြုတဲ့ အကြောင်း၊ နောင် သူကိုယ်တိုင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွေ လုပ်မယ့် အချိန်ကျရင်လည်း လက်ရှိ သဘောတူထားတဲ့ NCA စာချုပ်ထဲက အချက်တွေကိုပဲ အခြေခံပြီး လုပ်သွားရမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါတင်မက လက်ရှိ ကျင်းပနေတဲ့ မူဘောင်ဆွေးနွေးရေး အစည်းအဝေးပွဲတွေမှာ အင်န်အယ်လ်ဒီ ရဲ့ ပါဝင်ရမယ့် အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ လက်ရှိ ကျင်းပနေတဲ့ မူဘောင် အစည်းအဝေး အတွက် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ ဝန်ကြီးဦးအောင်မင်းနဲ့ MPC ဘက်ကနေ ရွေးကောက်ပွဲ ရလာဒ်ကို အခြေမခံပဲ မှတ်ပုံတင်ထားပြီးတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ကို တပြေးညီ သဘောထားခဲ့တဲ့အပေါ် ဝေဖန်ထောက်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောင် ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမယ် ဆိုတာကို ဝန်ကြီးဦးအောင်မင်းက အသိအမှတ်ပြု လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် တာဝန်ရှိသူတွေရဲ့ ခပ်စပ်စိပ် တွေ့ဆုံပွဲတွေကို သုံးသပ်ကြည့်လိုက်ရင် အစိုးရတာဝန်လွဲှပြောင်းရေးဟာ အစစ အဆင်ပြေ ချောမွေ့နေတဲ့ဘက်ကို ဦးတည် သွားနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required