ပဲခူးမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက် စစ်ကောင်စီထုတ်ပြန်မှု အမှန်တကယ်ထက်လျော့နည်းနေဟု ပရဟိတအဖွဲ့များကပြော

ပဲခူးမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက် စစ်ကောင်စီထုတ်ပြန်မှု အမှန်တကယ်ထက်လျော့နည်းနေဟု ပရဟိတအဖွဲ့များကပြော

ဇူလိုင် ၂၁

ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လဒုတိယအပတ်မှ စတင်ပြီး နေ့စဉ် လူ၂၀ကျော် သေဆုံးနေကြောင်းနှင့် စစ်ကောင်စီကထုတ်ပြန်သည့် ကိန်းဂဏန်းမှာ လျော့နည်းနေသည်ဟု  ပရဟိတကူညီပေးသူများက ပြောကြားသည်။

ဇူလိုင် ၂၀ ရက်နေ့တွင် ပဲခူးမြို့တွင်သေဆုံးမှုမရှိဟု စစ်ကောင်စီ၏ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ သို့သော် ပရဟိတအဖွဲ့တစ်ခုကမူ ကိုဗစ် အတည်ပြုလူနာနှင့် သံသယလူနာ ၂၂ လောင်းသဂြိုလ်ခဲ့ရသည်ဟု မဇ္ဈိမကိုပြောသည်။ 

" နေ့တိုင်းပဲသေတာဗျ။ ဆေးရုံမှာ ဆုံးတာရှိသလို အပြင်မှာ ဆုံးကြတာများတယ်။ အောက်စီဂျင်မလောက်တာရယ်နဲ့ ရောဂါအခံရှိသူတွေကပိုများတယ်။ "ဟု ပရဟိတကူညီလုပ်ကိုင်ပေးနေသူတစ်ဦးကပြောသည်။

ပဲခူးတွင်လက်ရှိ ပရဟိတခြောက်ဖွဲ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများကို ပို့ဆောင်ပေးခြင်း၊ ကွယ်လွန်သူများကို နာရေးပို့ဆောင်ပေးခြင်းများပြုလုပ်နေကြသည်။ စစ်အာဏာမသိမ်းခင်က ပဲခူးတွင် ပရဟိတအဖွဲ့ ၃၀ ဝန်းကျင်ရှိခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် ပဲခူးတွင် လက်ရှိ ကုသမှုခံယူနေရသူလူနာပေါင်း ၁,၀၀၀ ကျော်ရှိသည်။  ဇွန်လမှစ၍ သေဆုံးမှုများရှိနေခဲ့သော်လည် ယခုလတွင် နေ့စဉ်သေဆုံးမှုပိုများလာသည်။  

ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ချက်တွင် ဇူလိုင်လအတွင်း သေဆုံးသူအများဆုံးနေ့သည် ငါးဦးသာပါရှိသည်။ 

မဇ္ဈိမက ပဲခူးရှိ ပရဟိတအဖွဲတစ်ခုတည်းမှပင်ရရှိသောစာအရင်းအရ ဇူလိုင်ဒုတိယအပတ်အတွင်း သေဆုံးသူ ၁၄၇ ဦးရှိခဲ့သည်။ အဆိုပါအဖွဲ့၏စာရင်းများအရ သေဆုံးသူ ၁၄၇ ဦးတွင် အသက် ၄၀ မှ ၆၀ အကြား သေဆုံးသူအရေအတွက်မှာ ၅၂ ဖြင့် အများဆုံးဖြစ်သည်။  

ကိုဗစ်-၁၉ ကူးစက်ခံရသူများကို ပဲခူးဆေးရုံကြီးတွင် အဆောင်သုံးခု၊ ကလိဆေးရုံတွင် အဆောင်နှစ်ခု၊ GTI တွင် အဆောင်သုံးခု၊ ပဲခူးတက္ကသိုလ်တွင် အဆောင်နှစ်ခုနှင့် တိုင်းရင်းဆေးရုံတွင် အဆောင်တစ်ခုထားက ကုသမှုပေးနေသည်။ သု့ိသော် လူနာလက်ခံနိုင်မှုမလုံလောက်သဖြင့် နေအိမ်တွင်ပင်နေရသူများလည်းရှိသည်။ 

ကွာရန်တင်းစင်တာအားဖြင့် အာသောကဘုန်းကြီးကျောင်းတွင်ဖွင့်လှစ်ထားသော တစ်နေရာသာရှိသည်။ ကိုဗစ်ဒုတိယလှိုင်းတွင်းက ပဲခူးတွင် ကွာရန်တင်းစင်တာ ငါးခုရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required