မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အစီအစဉ်မြန်ဆန်သွက်လက်စေရန် အာဆီယံ လုပ်‌ဆောင်နေဟု စင်္ကာပူ ပြော

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အစီအစဉ်မြန်ဆန်သွက်လက်စေရန် အာဆီယံ လုပ်‌ဆောင်နေဟု စင်္ကာပူ ပြော

ဇူလိုင် ၇

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာနိုင်ငံ၏ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးအတွက် ၎င်းတို့၏ ခေါင်းဆောင်များ သဘောတူထားသည့် ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်မှုကို မြန်ဆန် သွက်လက်စေရေး လုပ်ဆောင်နေကြောင်း စင်္ကာပူနိုင်ငံခြားရေး၀န်ကြီးက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

“ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်‌မှုက နှေးကွေးနေခဲ့ပြီး အနည်းငယ် စိတ်ပျက်စရာ ကောင်းနေခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ လက်ခံပါတယ်” ဟု စင်္ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က ပါလီမန်ဆိုင်ရာ မေးခွန်းများကို တုံ့ပြန်အဖြေပေးရေးသားစဉ်ပြောခဲ့သည်။

“ဒီလုပ်ငန်းစဉ်ကို သွက်လက် မြန်ဆန်စေဖို့အတွက် အာဆီယံအုပ်စုအတွင်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်စဲသွားဖို့၊ လူသားချင်းစာနာမှု အခြေအနေတွေ သက်သာလျော့ပါးစေဖို့ နဲ့ နိုင်ငံမှာ အခြေအနေတွေ ပုံမှန်အတိုင်း ပြန်ဖြစ်စေမယ့်၊ ရေရှည် တည်ငြိမ်အေးချမ်းမှုဆီ ဦးတည်စေမယ့် သက်ဆိုင်သူအားလုံး ပါ၀င်ပြီး တိုက်ရိုက်ဆွေး‌နွေးညှိနှိုင်းမှုလမ်းကြောင်းဆီ ရောက်ရှိစေဖို့အတွက် တို့ကို မျှော်မှန်းပြီး ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလက အာဆီယံသည် မြန်မာအကျပ်အတည်း ပြေလည်အောင်ဖြေရှင်းရေးဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်ကို ကြေညာခဲ့သည်။ သို့သော် သတ်မှတ်အချိန်ကာလအတွက် တစုံတရာ သဘောတူညီမှုမျိုး မရှိခဲ့ပေ။

မြန်မာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်က ဖေဖေါ်၀ါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ၀ရုန်းသုန်းကား အခြေအနေတွင် ရောက်ရှိနေပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများ နေ့စဥ်နီးပါး ပေါ်ပေါက်ထားခဲ့သလို အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အသစ်ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများလည်း ပေါ်ပေါက်ထားခဲ့သည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံတွင်းသို့ လက်နက်စီး၀င်မှု တားဆီးပိတ်ပင်ရေး တောင်းဆိုခဲ့သလို မြန်မာစစ်တပ်ကိုလည်း နို၀င်ဘာရွေးကောက်ပွဲရလဒ်များ လေးစားလက်ခံရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုထားခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရအတွက် ကိုယ်စားပြုသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအ၀င် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့က ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းတို့က မဲမပေးဘဲ ကြားနေခဲ့ကြသည်။

ကနဦး ကုလ မူကြမ်းဆုံးဖြတ်ချက်တစ်ခုတွင် မြန်မာအပေါ် လက်နက် ရောင်းချမှု ပိတ်ပင်ရေးအတွက် တေင်းဆိုသည့် ပိုမို အားကောင်းသော အသုံးအနှုန်းများ ပါ၀င်နေခဲ့သည်။ မေလအတွင်း ရိုက်တာက ကြည့်ခွင့်ရခဲ့သည့် အဆိုပြုချက်တစ်ခုအရ စင်္ကာပူအပါအ၀င် အာဆီယံအုပ်စု၀င် ကိုးနိုင်ငံက ထို အသုံးအနှုန်းများကို ဖယ်ထုတ်စေရန် ဆန္ဒရှိခဲ့ကြကြောင်း သိရသည်။

ယင်းသည် “မြန်ဆန်၊ လွယ်ကူ” မည်မဟုတ်သော်လည်း အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ငါးချက်နှင့်အညီ လုပ်ငန်းစဉ်ကို ပံ့ပိုးထောက်ခံမည့် ယင်း၏ ကတိပြုမှုပိုင်းတွင် ယိမ်းယိုင်အားနည်းသွားစရာ မရှိကြောင်း ဘလာခရစ်ရှ်နန်က ပြောသည်။

ထို့ပြင် စင်္ကာပူနိုင်ငံအနေဖြင့် ကုလ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံမဲပေးခဲ့ကြောင်း၊ ဆုံးဖြတ်ချက်ပါ အဓိကအချက်များသည် နိုင်ငံ၏ ရပ်တည်ချက်နှင့် ကိုက်ညီကြောင်း ၎င်းက ပြောသွားခဲ့သည်။

ထို့ပြင် စင်္ကာပူအနေဖြင့် နိုင်ငံတကာ လက်နက်ရောင်းချမှုများ၊ လွှဲပြောင်းပေးမှုများနှင့်ပတ်သက်သည့် နိုင်ငံတကာ တာ၀န်၀တ္တရားများအတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာနေကြောင်း၊ နိုင်ငံတစ်နိုင်ငံအပေါ် ချမှတ်သည့် ကုလ အရေးယူပိတ်ဆို့မှုများ သို့မဟုတ် ကုန်သွယ်မှုပိတ်ပင်မိန့်များကိုလည်း လိုက်နာကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly