ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူရိုက်နှိပ်မည်မဟုတ်ဟု ဒေါ်စုပြော

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူရိုက်နှိပ်မည်မဟုတ်ဟု ဒေါ်စုပြော
ဒီဇင်ဘာ(၇)ရက်၊ ညဦးပိုင်းက တိုင်းရင်းသားလွှတ်တော်အမတ်များနှင့်တွေ့ဆုံနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ ဒီဇင်ဘာ ၇။ ။ငွေစက္ကူများတွင် သူမ၏ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ရိုက်နှိပ်မည်မဟုတ်ဟု ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကာ အစိုးရဖွဲ့ခွင့်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအမတ်များနှင့် ဒီဇင်ဘာ(၇)ရက်၊ ညဦးပိုင်းကတွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာရှိ စားရိပ်သာ(၄)တွင် တိုင်းရင်းသားလွှတ်တော်အမတ်များနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ရန် ရခိုင်အမတ်တစ်ဦး၏ တောင်းဆိုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

"ကိုယ့်အဖေကိစ္စကို နည်းနည်းပုဂ္ဂိုလ်ရေးဆန်သွားမှာဖြစ်လို့ အဲ့ဒါထက် အရေးကြီးတဲ့ကိစ္စကို သူထမ်းဆောင်စရာ အများကြီးရှိပါသေးတယ်တဲ့။ သူအဲ့လိုပြောပါတယ်။ ပိုအရေးကြီးတဲ့အလုပ် လုပ်မယ်ဆိုတဲ့သဘော ရှိပါတယ်" ဟု တွေ့ဆုံပွဲတွင် ပါဝင်သည့် အမျိုးသားလွှတ်တော်အမတ် ဦးဂျေယောဝူက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ရန် ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ်ဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးကျော်ထွန်းအောင်က အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

"သူက သိပ်စိတ်မပါဘူး။ သူ့အဖေပုံပါတဲ့ဟာ သူမလုပ်ချင်ဘူးပေါ့လေ" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။

နိုင်ငံ့ခေါင်းဆောင်၏ဓာတ်ပုံကို ငွေစက္ကူတွင် ရိုက်နှိပ်သည့် နိုင်ငံအချို့ကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်စေချင်ကြောင်း ဦးကျော်ထွန်းအောင်က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကျော်က ရန်ကုန်တိုင်းလွှတ်တော်တွင် အနည်းဆုံး(၃)ကြိမ်ခန့် အရေးဆိုခဲ့ဖူးပြီး အထမြောက်မှု မရှိခဲ့ပေ။

တိုင်းရင်းသားလွှတ်တော်အမတ်များနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က နောက်လွှတ်တော်သက်တမ်းတွင် ထပ်မံမပါဝင်သော်လည်း အပြန်အလှန်ယုံကြည်မှု၊ ကူညီမှုများဖြင့် နိုင်ငံအတွက် လက်တွဲအလုပ်လုပ်လိုကြောင်း၊ NLDပါတီသည် ဗမာပါတီမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးတွင်လည်း တိုင်းရင်းသားအားလုံးပါဝင်စေလိုကြောင်း တိုင်းရင်းသားအမတ်များကို ပြောဆိုသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required