အိန္ဒိယသည် ဂါဇာကမ်းမြှောင်ဒေသမှ ပါလက်စတိုင်းအရပ်သားများအတွက် တန်ချိန် ၃၈ ဒသမ ၅ တန်ရှိ လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို အီဂျစ်၏ ဆိုင်နိုင်းဒေသသို့ အောက်တိုဘာ ၂၂ ရက်တွင် လေကြောင်းဖြင့် ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
ပါလက်စတိုင်း ပြည်သူများအတွက် တန်ချိန် ၆ ဒသမ ၅ တန်နီးပါးရှိ ဆေးဘက်ဆိုင်ရာ အကူအညီပစ္စည်းများနှင့် တန်ချိန် ၃၂ တန်ရှိ ဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသော အိန္ဒိယလေတပ် Boeing C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်သည် အီဂျစ်၏ El Arish လေဆိပ်သို့ ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒါ ဘက်ဂ်ချီက ပြောသည်။
“ဒီ ပစ္စည်းတွေထဲမှာ မရှိမဖြစ် လိုအပ်တဲ့ အသက်ကယ် ဆေးဝါးတွေ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေ၊ ရွက်ဖျင်တဲတွေ၊ လူတကိုယ် ဝင်အိပ်နိုင်တဲ့ အိတ်တွေ၊ တာပေါ်လင်တွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ရေသန့်စင်ဆေးပြားတွေ ပါပါတယ်” ဟု ဘက်ဂ်ချီက ဆိုရှယ်မီဒီယာပို့စ်တွင် ပြောသည်။
လူပေါင်း ၂ ဒသမ ၄ သန်းရှိ ပါလက်စတိုင်း ဂါဇာကမ်းမြှောင်ဒေသကို စိုးမိုးအုပ်ချုပ်ထားသည့် ဟားမတ်စ်တို့နှင့် အစ္စရေးအကြား ပြီးခဲ့သည့် နှစ်ပတ်အကြာမှစပြီး စစ်ပွဲ စတင်ပေါ်ပေါက်ခဲ့သည်။
အရပ်သားအများစု အပါအဝင် လူ ၁,၄၀၀ ထက်မနည်း သေဆုံးခဲ့ရသည့် ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို တုံ့ပြန်လျက် အစ္စရေးစစ်တပ်က ဂါဇာကို မရပ်မနား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း ၄,၃၀၀ ကျော် သေဆုံးကြောင်း ဟားမတ်စ် စီမံခန့်ခွဲသော ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။