ရုရှ-အမေရိကန် ထိပ်သီးအစည်းအဝေး အပြုသဘောဆောင်ပေမယ့် ဆိုင်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပူတင်ကို ဂျိုးဘိုင်ဒင် သတိပေး 

ရုရှ-အမေရိကန် ထိပ်သီးအစည်းအဝေး အပြုသဘောဆောင်ပေမယ့် ဆိုင်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပူတင်ကို ဂျိုးဘိုင်ဒင် သတိပေး 
Photo - AFP

ဇွန် ၁၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှသမ္မတ ဗလာဒီမာပူတင်တို့ဟာ ဂျီနီဗာမှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်တဲ့ ၎င်းတို့ရဲ့ ပထမဆုံး ထိပ်သီးအစည်းအဝေးမှာ နှစ်နိုင်ငံကြားက မီးထတောက်လွယ်တဲ့ တင်းမာမှုတွေ ပြေအေးရေး ကြိုးပမ်းခဲ့ကြပါတယ်။ 

ရုရှက ဂုဏ်ရည်အဆင့်တူ ပူတင်ဖက်ကလည်း စစ်အေးတိုက်ပွဲသစ် မလိုလားဘူးလို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

ရုရှနိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ သီးခြား နှစ်နာရီကြာ တွေ့ဆုံမှု အပါအဝင် သုံးနာရီကျော်ကြာ ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်နှစ်ဦးဟာ အပြုသဘောဆောင်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

“ဒီ ပြောဆိုဆွေးနွေးမှုက လုံးလုံးကို အပြုသဘောဆောင်ပါတယ်”လို့ သတင်းထောက်တွေကို ပူတင်က‌ ပြောပြီး သံခင်းတမန်ခင်း ပြန်လည်ကုစားခြင်းအဖြစ် သံတမတ်ကြီးတွေကို သူတို့ ရာထူးနေရာတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်စေဖို့ သဘောတူမှု ရရှိခဲ့ကြောင်း ဖြည့်စွက်ဆိုပါတယ်။ 

လိတ်ဂျီနီဗာ ကမ်းစပ်နားက စံအိမ်တော်တစ်ခုမှာ ပြုလုပ်တဲ့ အခု ထိပ်သီးအစည်းအဝေးဟာ ‘ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှု’ ပဲ ဖြစ်တယ်ဆိုပြီး ဂျိုးဘိုင်ဒင်ကလည်း ပြောပါတယ်။ 

ပင်ပန်းတဲ့ ဥရောပသံတမန် ခရီးစဉ် ပြီးခါစ အမေရိကန်သမ္မတက  သူနဲ့ ပူတင်တို့ဟာ အာတိတ်၊ အီရန်နဲ့ ဆီးရီးယားအပါအဝင် စူပါပါဝါနှစ်နိုင်ငံကြား အရင်က အကျိုးစီးပွား ငြိစွန်းနေတဲ့ နယ်ပယ်ကဏ္ဍတွေမှာ အတူလက်တွဲ လုပ်ကိုင်သွားနိုင်ရေးအတွက် အဖြေရှာဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။ 

အင်အားအကြီးဆုံး နျူကလီးယား ပါဝါနှစ်နိုင်ငံအနေနဲ့ ကမ္ဘာ့ဇာတ်ခုံမှာ စံပြုထိုက်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုကို မျှဝေထမ်းပိုးနေရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ 

ဒါပေမဲ့ အမေရိကန်ရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေရဲ့ ၁၆ နေရာကို ဘယ်လို ဆိုင်ဘာတိုက်ခိုက်မှုမျိုးကိုမဆို ရုရှအနေနဲ့ ဆန့်ကျင်သွားဖို့ သူက အလေးအနက် သတိပေးပါတယ်။  

ဘယ်လို နယ်ပယ်ဧရိယာဆိုတာကို ထုတ်မပြောတဲ့ အဲဒီ ၁၆ နေရာကို ဆိုင်ဘာတိုက်ခိုက်လာတဲ့ ချိုးဖောက်မှုတွေဟာ အမေရိကန်အတွက် ပြန်ပြီး ဆိုင်ဘာတိုက်ခိုက်ရတာမျိုးဆီပဲ ဦးတည်စေလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က သတိပေးခဲ့ပါတယ်။ 

ရုရှဟာ ဆိုင်ဘာရာဇဝတ်ဂိုဏ်းတွေကို ခြေချခွင့် ပေးထားပြီး အမေရိကန်က အရေးပါတဲ့နေရာတွေကို ဆိုင်ဘာတိုက်ခိုက်နေကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။ 

ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲနှစ်ကြိမ်မှာ ကြားဝင်စွက်ဖက်ဖို့အတွက် ရုရှအေဂျင်စီတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီးလည်း အမေရိကန်ထောက်လှမ်းရေးက ပြောဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly