မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး မြန်မာ့ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း သင်တန်းကျောင်း ဖွင့်မည်

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး မြန်မာ့ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း သင်တန်းကျောင်း ဖွင့်မည်
၂၀၁၅ စင်ကာပူဆီးဂိမ်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲမှ ပြိုင်ပွဲဝင်ကစားသမားနှစ်ဦး ယှဉ်ပြိုင်စဉ်။ (ဓာတ်ပုံ- Singapore SEA GAMES)

နိုဝင်ဘာ ၁၉၊ ရန်ကုန်။              ။ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာ ခြင်းလုံးကစားသမားများနှင့် ပိုက်ကျော်ခြင်းကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်စေရန် ရည်ရွယ်၍ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် မြန်မာ့ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်းသင်တန်း ကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်စေရန် ပြည်တွင်း ခြင်းလုံး ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး အာရှဖိတ်ခေါ် ခြင်းခတ်ပြိုင်ပွဲများကိုလည်း ကျင်းပရန် စီစဉ်လျက်ရှိသည်။

ထို့ပြင် နိုင်ငံ အဝန်းရှိ ခြင်းလုံးနည်းစနစ်ပညာရှင်၊ ပိုက်ကျော်ခြင်း ပညာရှင်များကို ဖိတ်ခေါ်ကာ အသစ်ဆောက်လုပ်မည့် ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း သင်တန်းကျောင်းများတွင် စနစ်တကျ သင်ကြားစေမည်ဖြစ်သည်။

' မန္တလေး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနားမှာ မြန်မာနိုင်ငံ ခြင်းလုံးသင်တန်းကျောင်း၊ ပိုက်ကျော်ခြင်း သင်တန်းကျောင်းကို ဖွင့်လှစ်ဖို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ   မြေယာပိုင်ဆိုင်မှုကို  ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆောင်ရွက် ပေးပြီးသွားရင် သင်တန်းကျောင်းတွေ ဆောက်ပါ့မယ်။

သင်တန်းကျောင်းတွေ ဆောက်ပြီးရင် ခြင်းလုံးကစားသမားလက်ရွေး စင်တွေ၊ ပိုက်ကျော်ခြင်းလက်ရွေးစင်တွေ ခေါ်ပြီး သင်တန်းတွေကို နောက်လာမယ့် မျိုးဆက်သစ်တွေကို ပို့ချ ဖို့ ဖြစ်ပါတယ်'ဟု အာရှ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်က မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် မြန်မာ့ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း သင်တန်းကျောင်းတွင် လာရောက်ပို့ချမည့် နည်းပြဆရာများကိုလည်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ လစာကဲ့သို့ ထောက်ပံ့မှုများ ပေးအပ်မည်ဖြစ်သည်။ လက်ရှိ အချိန်တွင် မြန်မာ့ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်းကစားနည်းတို့မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် များရယူပေးနေသော အားကစားအဖွဲ့များဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required