နိုဝင်ဘာ ၃။ ။ ဆီးရီးယား နယ်စပ်မြို့တစ်မြို့ ရှိ စျေးတစ်ခုအနီးမှာ ယမန်နေ့ နိုဝင်ဘာ ၂ ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးသွားကြောင်း သိရပါတယ်။
ယခု ဗုံးကွဲမှုဖြစ်ခဲ့တဲ့ မြို့ကတော့ တူရကီ တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ ဖြစ်တယ်လို့ အန်ကာရာနဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုတို့က ပြောပါတယ်။
“ အရှေ့မြောက်ပိုင်းက တဲလ် အေယက်ဘ်မြို့မှာဖြစ်ခဲ့တဲ့ ဒီ ကားဗုံးကွဲမှုမှာတော့ ခု ကနဦး စစ်ဆေးမှုတွေအရ အရပ်သား ၁၃ ယောက် သေသွားပါတယ်၊ အခြား လူ ၂၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရသွားပါတယ်” လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ယခု ကားဗုံးဖောက်ခွဲမှုမှာတော့ လက်သည်တရားခံက ဆီးရီးယား ကာ့ဒ် ပြည်သူ ကာကွယ်ရေး တပ် YPG ပြည်သူ့စစ် ဖြစ်တယ်လို့ တူရကီတို့က အပြစ်ဖို့ပါတယ်။ အဆိုပါ YPG တို့ကိုတော့ တူရကီတို့က အကြမ်းဖက်သမားတွေအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း ဆီးရီးယား မြောက်ခြမ်းမှာ အဆိုပါ YPG တို့အပေါ် တူရကီတို့က ထိုးစစ်ဆင်ခဲ့ရာမှာ နိုင်ငံတကာရဲ့ ပြစ်တင်မှုတွေ ထွက်ပေါ်ထားခဲ့ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/