လူမျိုးရေးဝါဒဖြန့်သူတွေကို တရားစွဲမယ်လို့ ဒေါ်စုပြော

လူမျိုးရေးဝါဒဖြန့်သူတွေကို တရားစွဲမယ်လို့ ဒေါ်စုပြော

ကျုံပျော်၊ အောက်တိုဘာ ၁၈ ။ ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDပါတီ ရွေးကောက်ပွဲနိုင်ပြီး အစိုးဖွဲ့နိုင်ပါက မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကွယ်ပျောက်ပြီး အစ္စလာမ်ဘာသာဝင်များ ကြီးစိုးသွားမည်ဟု ဝါဒဖြန့်နေသူများအား သက်သေအထောက်အထားရှိပါက တရားစွဲမည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်ခရီစဉ်အပြန်တွင် ဝင်ရောက်ဟောပြောခဲ့သော ဧရာဝတီတိုင်း၊ ရေကြည်နှင့် ကျုံပျော်ဒေသခံများ၏ မေးမြန်းမှုအပေါ်ဖြေကြားစဉ် အောက်တိုဘာ ၁၈ညနေပိုင်းက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဲ့ဒီဝါဒဖြန့်နေတဲ့သူတွေက ဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။ သက်သေအထောက်အထား ယူထားလိုက်ပါ။ တရားစွဲမယ်” ဟု ရေကြည်မြို့ဟောပြောပွဲတွင် သူမက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဒေသခံများ၏ မေးမြန်းမှုမှာ ၎င်းတို့၏ ကျေးရွာများရှိ ရွာသူ၊ ရွာသားအချို့၏ အမြင်တွင် နိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပါက အစ္စလာမ်ဘာသာဝင်များ ကြီးစိုးသွးမည်ဟု ထင်မြင်ယူဆမှုများရှိနေသည့်အပေါ် ရှင်းလင်းပေးပါရန် မေးမြန်းခဲ့ကြခြင်းပင် ဖြစ်သည်။

ထိုသို့ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ဥပဒေနဲ့ မကိုက်ညီတဲ့ စည်းရုံးရေးတွေထဲမှာ အဲ့ဒါလည်း ပါပါတယ်။  အဲ့ဒါဟာ မုသားပြောပြီး စည်းရုံးတာမို့လို့ သေသောချာချာ အထောက်အထားရအောင် လုပ်လိုက်ပါ။ အဲ့ဒီလိုပြောတဲ့သူတွေကို အထောက်အထား သက်သေရှိလို့ရှိရင် ကျွန်မတို့ တရားစွဲပါမယ်” ဟု ကျုံပျော်မြို့ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်း မြို့အချို့သို့ ယခုနောက်ဆုံးအကြိမ် သွားရောက်ခဲ့သည့် စည်းရုံးရေးခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အား လူမျိုးရေး၊ ဘာသာရေးကိစ္စများ အများဆုံးမေးခွန်းထုတ်ကြသည့် ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

“ကျွန်တော်တို့ရွာမှာလည်း အဲ့ဒီအတိုင်းပဲဗျ။ မင်းတို့ ဒေါ်စုသမ္မတဖြစ်ရင် ဒီနိုင်ငံဟာ ဘာသာပျောက်မယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်လျှောက်ပြောနေတာ။ ဘယ်သူက ပြောလဲလို့ မေးတော့လည်း ရေရေရာရာ မပြောနိုင်ကြဘူး” ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ NLDပါတီဝင်တစ်ဦးက ပြောသည်။

အဆိုပါ လူမျိုးရေးဝါဒဖြန့်မှုသည် အဖွဲ့တစ်ခုက နိုင်ငံအဝှမ်းတွင် စနစ်တကျလုပ်ဆောင်နေခြင်းဖြစ်သည်ဟု အောက်တိုဘာ ၁၆ရက်ကပြုလုပ်သည့် တောင်ကုတ်မြို့ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ရွေးကောက်ပွဲနိုင်ပြီး NLDပါတီ အစိုးရဖွဲ့နိုင်ပါက အစိုးရအဖွဲ့ကို ဦးဆောင်ထိန်းကျောင်းမည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဝါဒဖြန့်မှုကို နားမယောင်ဘဲ သူမ၏ ပါတီကို မဲပေးကြရန်လည်း ဒေသခံများအား စည်းရုံးပြောဆိုသည်။

“တစ်ပါတီထဲဆက်ပြီး အုပ်ချုပ်နေမယ်ဆိုရင် ဒီပါတီဟာ ပျက်စီးလာမယ်။ ပျက်စီးလာပြီးတော့ ဒီပါတီဟာ အာဏာဆန်လာမယ်။ အဲ့တော့ ပါတီအတွက်လည်း မကောင်းဘူး။ ကျွန်မတို့ကို ဒီအစိုးရသက်တမ်းမှာ စမ်းကြည့်ပါ” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required