ရန်ကုန်၊ စက်တင်ဘာ ၂၇ ။ ။ ပဋိပခများကြောင့် နယ်မြေမတည်မငြိမ်ဖြစ်ခဲ့ရသည့် တိုင်းရင်းသားဒေသတစ်ချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တပ်မတော်၏ လုံခြုံရေးအာမခံပေး မှု ပေါ်တွင်မူတည်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောဆိုလိုက်သည်။
“ ငြိမ်းချမ်းတာနဲ့အမျှ ဒီဒေသတွေမှာ မဲရွေးချယ်ဖို့ဖြစ်လာမှာပါ။ ဒါပေမယ့် ဒီနေရာ တွေ လုံခြုံရေးနဲပက်သက်ရင်တော့ တပ်မတော် ရဲ့သဘောထား ဟာ လည်း အများကြီးအရေးကြီးပါတယ်။ သူတို့ရဲ့အာမခံမှုရှိမှလည်း ကျွန်တော်တို့ ရွေး ကောက်ပွဲလုပ်လို့ရမှာပါ ” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ရုံးချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှကျင်းပခဲ့သည့် ပါတီတည်ထောင်ခြင်း ၃၁ နှစ်ပြည့်ပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် NLD အစိုးရအနေဖြင့်လည်း တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးရရှိရန်ကြိုးစားဆောင်ရွက်နေကြောင်းလည်း ၎င်းကဆိုသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သော ရှမ်း၊ ကချင်၊ ရခိုင်တို့ရှိ မြို့နယ်အချို့တွင် လုံခြုံရေးအခြေအ နေ ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဖြစ်မည်ကို တိုင်းရင်းသားပါတီများကလည်းစိုးရိမ်နေကြခြင်းဖြစ်သည်။
“ ကျွန်တော်တို့လည်းစိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့မူဝါဒဟာ အားလုံးပါဝင်ရေးဖြစ်တဲ့အတွက် ဘယ်နယ်မြေမှာပဲ လုံခြုံရေး အ ကြောင်း ပြချက်ကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည်ဖြစ်စေ ဒါဟာတော့ ရွေးကောက်ပွဲရဲ့အနှစ်သာရကိုပျက်ဆီးစေပါတယ်” ဟု ဒေါက်တာမျိုးညွှန့် ကပြောသည်။
ကြိုတင်မဲကဲ့သို့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲစနစ်၏ ချို့ယွင်းအားနည်းချက်များကိုလည်း တာဝန်ရှိသူများမှ ပြင်ဆင်ရန်ကြိုးပမ်း နေသည် ဟုလည်း သိရသည်။
ထို့အပြင် ပြည်သူအားလုံးမဲစရင်းပါဝင်ရေးအတွက် NLD အစိုးရအနေဖြင့် မှတ်ပုံတင်နှင့် သန်းခေါင်စရင်းရရှိရေးကိုလည်း ကြိုးစားဆောင်ရွက်နေသည်ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။
၂၀၁၀ ရွေးကောက်ပွဲမှ တက်လာခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ် ၃၅ နေရာထိရှိခဲ့ပြီး NLD အစိုးရလက်ထက် နောက်ဆုံး အကြိမ်ကျင်ပခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ် ၁၃ နေရာအထိရှိခဲ့သည်။
ကာလကြာရှည်စွာ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခတွေများအပြင် လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်ခြင်းနှင့် လွှတ်တော်ကိုယ်စား လှယ်မှတစ် ဆင့် ပြည်ထောင်စုဝန်ကြီး ဖြစ်သွားခြင်းများကြောင့် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေ ရှိနေခြင်းလည်းဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/