ရန်ကုန် ၊ သြဂုတ် ၅ ။ ။ အပူပိုင်းမုန်တိုင်း ဝီဖာ ကြောင့် ရန်ကုန်မြို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခု၌ လေပြင်းများ တိုက်ခတ်နိုင်ပြီး မိုးကြီးမည့် အန္တရာယ်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် လာအိုနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိနေပြီး အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားလျက်ရှိနေသည်ဟု မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် သြဂုတ်လ ၄ ရက်နေ့ နေ့လည်မှ နောက် ၄၈ နာရီအတွင်း ပဲခူး ၊ ရန်ကုန်၊ ဧရာဝတီ ၊ တနင်္သာရီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင် နှင့် မွန်ပြည်နယ်တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ၊ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကာ လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ရုတ်တရက် ရေကြီးခြင်း ၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် ကိုလည်းကောင်း ၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေကြရန် သတိပေးထားသည်။
ကြိုတင်သတိပေးချက်တွင် ပါဝင်သည့် ဒေသ ကိုးခု အနက် ပဲခူးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်တို့သည် လက်ရှိတွင် ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားနေရသည်။ သြဂုတ်လ အစပိုင်းကလည်း ရန်ကုန် ၊ ပဲခူး ၊ ဧရာဝတီ ၊ တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် လေပြင်းများကျရောက်ခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက ်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး၊ လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေ မှ ၁၅ ပေ အထိ ရှိနိုင်သည်ဟု မိုး/ဇလ က သတိပေးထုတ်ပြန်ထားသည်။