ဇူလိုင် ၂၃ ။ ။ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှုမှာတော့ ကြိုတင်မျှော်မှန်းထားတဲ့အတိုင်း ဘောရစ် ဂျွန်ဆင် ပဲ ရွေးချယ်တင်မြှောက်ခံခဲ့ရပြီ ဖြစ်ပါတယ်။
ဇူလိုင် ၂၃ ရက်မှာ ပြုလုပ်တဲ့ အာဏာရ ကွန်ဆာတေးဗစ်ပါတီ ခေါင်းဆောင် ရွေးချယ်မှုမှာ လန်ဒန် မြို့တော်ဝန်ဟောင်း ဘောရစ် ဂျွန်ဆင်က လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်အပေါ် အနိုင်ရခဲ့တဲ့အတွက် ဗြိတိန်ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ကွန်ဆာတေးဗစ်ပါတီဝင်တွေရဲ့ မဲပေးရွေးချယ်မှု မဲရလဒ်တွေအရ ဂျွန်ဆင်က မဲအရေအတွက် ၉၂,၁၅၃ ရရှိပြီး ဟန့်ကတော့ ၄၆,၆၅၆ ရရှိခဲ့ပါတယ်။
ဂျွန်ဆင်ကတော့ ဇူလိုင် ၂၄ ရက်မှာ ဝန်ကြီးချုပ် ထရီဇာမေရဲ့ နေရာမှာ တရားဝင် ဆက်ခံသွားမှာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် တာဝန်ယူသွားရတော့မယ့် ဂျွန်ဆင်ကတော့ ၎င်းအနေနဲ့ အီးယူကနေ ဗြိတိန် နှုတ်ထွက်မှု (Brexit) ကို လာမယ့် အောက်တိုဘာ ၃၁ မတိုင်ခင် ပြီးစီးအောင် လုပ်မယ်လို့ ကြုံးဝါးသွားပါတယ်။