ဧပြီ ၅ ။ ။ Amazon.com Inc ရဲ့ အမှုဆောင်အရာရှိချုပ် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဂျက်ဖ် ဘီဇော့စ် နဲ့ ၎င်းရဲ့ ဇနီးဟောင်း မက် ကန်ဇီ တို့အကြား ယခုအခါမှာ စံချိန်တင် အကြီးမားဆုံးသော ကွာရှင်းပြတ်စဲခြင်း သဘောတူညီချက်တစ်ခုကို ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
၎င်းတို့ အကြား ယခု ရရှိသွားတဲ့ ကွာရှင်းပြတ်စဲခြင်းဆိုင်ရာ ကျေအေးမှု သဘောတူညီချက် တန်ဖိုးက အနည်းဆုံး ကန်ဒေါ်လာ ၃၅ ဘီလီယံကျော် တန်ကြေး ရှိတယ်လို့ ဆိုပါတယ်။
ယခု ကွာရှင်းပြတ်စဲခြင်း သဘောတူညီချက်အရ Amazon တည်ထောင်သူ ဂျက်ဖ် ဘီဇော့စ်အနေနဲ့ ကုမ္ပဏီမှာ ၎င်းတို့နှစ်ဦး ပိုင်ဆိုင်ထားတဲ့ ရှယ်ယာအားလုံံးရဲ့ ၇၅ ရာခိုင်နှုန်းကို ဆက်လက်ထိန်းချုပ်ခွင့် ရရှိမှာဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုတော့ မက် ကန်ဇီက ထိန်းချုပ်ပိုင်ဆိုင်မှာဖြစ်ပါတယ်။
ယခု သဘောတူညီချက်အရ မက် ကန်ဇီ ရရှိတဲ့ ရှယ်ယာတန်ဖိုးက ဒေါ်လာ ၃၅ ဘီလီယံကျော် ရှိတယ်လို့ သိရပါတယ်။
ယင်း Amazon ရှယ်ယာတစ်ခုတည်းနဲ့ပဲ မက် ကန်ဇီကို ကမ္ဘာ့တတိယအချမ်းသာဆုံး အမျိုးသမီး ဖြစ်စေမှာဖြစ်သလို ဂျက်ဖ် ဘီဇော့စ်အနေနဲ့ အသားတင်ကြွယ်ဝမှု တန်ဖိုး ကန်ဒေါ်လာ ၁၁၀ ဘီလီယံနဲ့အတူ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခု ကွာရှင်းပြတ်စဲခြင်း ကျေအေးချက် သဘောတူညီချက်အရ မက် ကန်ဇီ ကို Amazon ရဲ့ စတုတ္ထ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာစေခဲ့ပါတယ်။
ဂျက်ဖ် ဘီဇော့စ်နဲ့ မက် ကန်ဇီ တို့ကတော့ ၁၉၉၃ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး သားသမီး ၄ ဦးထွန်းကားခဲ့ပါတယ်။ နှစ်ဦးသား လက်ထပ်ပြီး နောက် တစ်နှစ်မှာ ဘီဇော့စ်က Amazon ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။