ပေကျင်း၊ စက်တင်ဘာ-၈ ။ ။ စက်တင်ဘာလ ၈ရက်နေ့က တရုတ်နိုင်ငံက တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်ခြင်း နှစ် ၅၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဆင်ယင်ကျင်းပ ခဲ့ရာတွင် ပြည်နှင်ခံ တိဗက်ဘာသာရေး ခေါင်းဆောင် ဒလိုင် လာမားကို စုရုံးဆန့်ကျင် အော်ဟစ်မှုများလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
ဘာသာရေးအုပ်စုများနှင့် တိုင်းရင်းသားလူနည်းစုများ၏ အကြီးအမှူးလည်းဖြစ် အာဏာရ ကွန်မြူနစ်ပါတီတွင် နံပါတ်လေးအဆင့်ရှိသူလည်းဖြစ်သည့် ယူ ကျန်းရှန်က ၁၉၅၉ ခုနှစ်က တရုတ်အုပ်စိုးမှုကို ဆန့်ကျင်သည့် မအောင်မြင်သော ပုန်ကန်မှုအပြီးတွင် တရုတ်နိုင်ငံမှ ထွက်ပြေးသွားခဲ့သည့် ဒလိုင်လာမားမှာ အကြမ်းဖက် ခွဲထွက်ရေးသမားတစ်ဦး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယတွင် အခြေစိုက်သည့် ဒလိုင် လာမားကမူ သူ၏ ဟိမဝန္တာဇာတိမြေအတွက် ပိုမိုကြီးမားကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ အလိုရှိကြောင်း ပြောကြားခဲ့သည်။
''လူမျိုးစုအားလုံးက ပြည်သူတွေဟာ ခွဲထွက်ရေးကို အမြဲတစေ ဆန့်ကျင်တိုက်ပွဲဝင်လာခဲ့ကြပါတယ်။ ဒလိုင်အုပ်စုနဲ့ ပြည်ပရန်သူအင်အားစုတွေရဲ့ အဖျက်အမှောင့် သွေးခွဲလုပ်ရပ်တွေကိုလည်း အဆက် မပြတ် တားဆီးလာခဲ့ကြပါတယ်''ဟု ယူက တစ်ခါက ဒလိုင်လာမား၏ အိမ်တော်ရာဖြစ်ခဲ့ဖူးသည့် ကောင်းကင်ပြာအောက် တောင်တန်းများခြံရံထားသည့် ကမ္ဘာ့အမြင့်ဆုံးနန်းတော် ပိုတာလာရှေ့ တွင်ပြောကြားခဲ့သည်။
အစိုးရကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်သည့် ယူက တိဗက် အဝတ်အစားများ ဝတ်ဆင်ထားကြသည့် အာဏာပိုင်များ၊ တိဗက်လူမျိုးများကို စကားပြောနေစဉ် ကျောင်းသားများက တရုတ်အလံများ ဝှေ့ယမ်း နေကြသည်။
ဟိတ်ဟန်များသည့် ယာဉ်တန်းတစ်တန်းက ကွန်မြူနစ်ပါတီ၏ အောင်မြင်မှုများကို ဆင်ယင်ကျင်းပနေသကဲ့သို့ အခြားယာဉ်များကလည်း ပိုတာလာနန်းတော်ကဲ့သို့သော တိဗက်အမွေအနှစ်များကို ပြသကာ လမ်းမတစ်လျှောက် ချီတက်သွားခဲ့ကြသည်။
စက်တင်ဘာ ၇ ရက်နေ့က ယူက ဆယ်လေးဆက်မြောက် ဒလိုင်လာမား၏ အုပ်စုကို ရှည်ကြာသည့်စစ်ပွဲ ဆင်နွှဲရန် အသင့်ပြင်ထားကြဖို့ တိဗက်ရှိ စစ်တပ်၊ ရဲနှင့် တရားရေးဝန်ထမ်းများကို တပ်လှန့်နှိုးဆော် ခဲ့သည်ဟု ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ နိုင်ငံပိုင်မီဒီယာက နှစ်ပတ်လည်နေ့ကို အသုံးချ၍ ဒလိုင်လာမားကို ထုနှင့်ထည်နှင့် တိုက်ခိုက်ခဲ့သည်။
အာဏာရ ကွန်မြူနစ်ပါတီ၏ တရားဝင်သတင်းစာ People's Daily က ပိုင်ဆိုင်သည့် The Global Times ကဆိုလျှင် နိုဘဲ ငြိမ်းချမ်းရေးဆုရှင် ဒလိုင်လာမားကို လူလိမ်နှင့် ရက်စက်ကြမ်းကြုတ်သောပြည်နှင် ခံအုပ်စိုးသူ စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။
ယခုနှစ်မှာလည်း ပေကျင်းက ငြိမ်းချမ်းသော လွတ်မြောက်မှုဟု ခေါ်သည့် ကွန်မြူနစ်တပ်ဖွဲ့များ တိဗက်နယ်မြေအတွင်းသို့ ကျူးကျော်သိမ်းပိုက်လိုက်သည့် ၁၉၅၀ခုနှစ်ကတည်းက တရုတ်က သံလက်သီးဖြင့် အုပ်ချုပ်လာခဲ့သည့် ဝေးခေါင်သောဒေသအတွက် အကဲဆတ်သည့် နှစ်ပတ်လည် အခါသမယပင်ဖြစ်သည်။
ယခုနှစ်မှာ ဒလိုင်လာမား အသက်၈၀ပြည့်သည့်နှစ် လည်းဖြစ်သလို၊ ဒလိုင်လာမားက သူ့ကိုဆက်ခံမည့် တိဗက်တွင် ဒုတိယ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချခန့်အပ်ခဲ့သည့် တိဗက်လူငယ် တစ်ဦးပျောက်ဆုံးမှု နှစ်၂၀ပြည့်သည့် အခါသမယလည်းဖြစ်သည်။ ၆နှစ်သားအရွယ်က ပျောက်ဆုံးသွားခဲ့သည့် ထိုတိဗက်လူငယ်မှာ ပုံမှန်ဘဝတွင် ပျော်ရွှင်စွာ နေထိုင်လျှက်ရှိကြောင်း တရုတ်အကြီးတန်း အရာရှိတစ်ဦးက စက်တင်ဘာလ ၆ရက်နေ့က ပြောကြားခဲ့သည်။