ဒုက္ခသည်တွေ မူလနေရပ်ပြန်လာရေးကိစ္စ သုံးပွင့်ဆိုင် MoU တစ်ရပ် လက်မှတ်ရေးထိုးရေး UNHCR ၊ UNDP နဲ့ မြန်မာအစိုးရတို့အကြား သဘောတူ

ဒုက္ခသည်တွေ မူလနေရပ်ပြန်လာရေးကိစ္စ သုံးပွင့်ဆိုင် MoU တစ်ရပ် လက်မှတ်ရေးထိုးရေး UNHCR ၊ UNDP နဲ့ မြန်မာအစိုးရတို့အကြား သဘောတူ
နှစ်နိုင်ငံ နယ်နမိတ်စည်းတွင် နေထိုင်ကြသော ဒုက္ခသည်များကို တွေ့မြင်ရစဉ် ။ ဓာတ်ပုံ - ဇေယျာမော်

 

ဇွန် ၁ ။                      ။ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီဒုက္ခသည်တွေ မူလနေရပ် ပြန်လာနိုင်ရေးကိစ္စနဲ့ပတ်သက်လို့ နားလည်မှု စာချွန်လွှာ MoU တစ်ရပ်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) နဲ့ မြန်မာအစိုးရတို့အကြား လက်မှတ်ရေးထိုးသွားတော့မှာ ဖြစ်ပါတယ်။

ယခုအခါ အဆိုပါ သုံးဦးသုံးဖလှယ် MoU စာချုပ်မှာ ထည့်သွင်းမယ့် အချက်အလက် မူဘောင်တွေနဲ့ပတ်သက်လို့လည်း UNHCR ၊ UNDP တို့နဲ့ မြန်မာအစိုးရအကြား မေလ ၃၁ ရက်က သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ MoU စာချုပ်ကိုတော့ လာမယ့်သီတင်းပတ်ထဲမှာ လက်မှတ်ရေးထိုးသွားဖို့ ရှိပြီး လက်မှတ်ထိုးမယ့် ရက်အတိအကျကိုတော့ အတည်ပြုနိုင်သေးခြင်း မရှိသေးပါဘူး။

ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို ၎င်းတို့တွေရဲ့ မူလနေရပ်တွေဆီ ဒါမှမဟုတ် ၎င်းတို့ရွေးချယ်မယ့် နေရာတွေဆီကို ဘေးကင်းလုံခြံုပြီး သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်ပို့ပေးရေးအပိုင်းမှာ လွယ်ကူအဆင်ပြေစေမယ့် အခြေအနေတွေ ဖန်တီးပေးနိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားရေးဆိုင်ရာ မူဘောင်တစ်ရပ်ကို ယခု သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

အလားတူ ယခု သဘောတူညီချက်နဲ့အတူ UNHCR ၊ UNDP တို့ကို ရခိုင်ပြည်နယ်တွင်းကို သွားရောက်ခွင့် ပြုမယ့် မူဘောင်တစ်ရပ်လည်း ပါ၀င်မယ်လို့ သိရပါတယ်။ အဆိုပါ ကုလအေဂျင်စီတွေအနေနဲ့ ဒုက္ခသည်တွေရဲ့ မူလနေရပ်ရင်း ဧရိယာတွေဆီ သွားရောက်ခွင့် ရနိုင်ဖို့ ရှိပါတယ်။ အလားတူ ယင်း အဖွဲ့တွေအနေနဲ့ သွားရောက်ခွင့် ရတဲ့အခါမှာ မြေပြင်က အခြေအနေကိုပါ လက်တွေ့အကဲဖြတ်ကြည့်ရှုခွင့် ရမှာဖြစ်သလို အကာအကွယ်ပေးရေး လုပ်ဆောင်ချက်တွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယခုလက်မှတ်ရေးထိုးမယ့် MoU အရ ကုလအေဂျင်စီနှစ်ခုအနေနဲ့ ထိခိုက်ခံ လူ့အသိုင်းအဝိုင်းတွေမှာ တကယ့် လိုအပ်နေတဲ့လိုအပ်ချက်တွေကို အကဲဖြတ်ကြည့်ရှုနိုင်ဦးမှာ ဖြစ်ကာ ဒုက္ခသည်များ မူလနေရပ် ပြန်လာရေးကိစ္စမှာ ပြည်တွင်းက အာဏာပိုင်တွေရဲ့ ပံ့ပိုးဆောင်ရွက်နိုင်စွမ်းကိုပါ အားဖြည့််ပေးနိုင်မှာ ဖြစ်ပါတယ်။

အလားတူ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံုပြုချက်တွေနဲ့အညီ UNHCR ၊ UNDP  တို့နဲ့ လက်တွဲပြီး ဘင်္ဂါလီထုအတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာဖွေမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကတိကဝတ်ကိုလည်း ပိုမိုခိုင်မာသွားစေဖို့ ရှိတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required