အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီအသင်းနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်စစ်မှူးသစ် အီဘရာဟီမိုဗစ်က သူ့အနေနဲ့ Benjamin Button လိုပဲ ခံစားရတယ်လို့ ပြောဆိုလိုက်ပါတယ်။
Benjamin Button ဆိုတာကတော့ နာမည်ကျော်ရုပ်ရှင်မင်းသား ဘရက်ဒ်ပစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားထဲက ဇာတ်ကောင်ရဲ့အမည်ဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်က “လူငယ်တစ်ယောက်လိုပဲ ခံစားရတယ်။ ဘင်ဂျမင် ဘတ်တန်လိုပဲ။ လူကြီးအဖြစ်နဲ့မွေးလာပြီး လူငယ်အဖြစ်နဲ့ သေမယ်။
ကျွန်တော် အင်္ဂလန်ကိုရောက်တော့ အိုနေပြီလို့ သူတို့ပြောကြတယ်။ ကျွန်တော် ဝှီးချဲနဲ့လာတယ်။ ပြီးတော့ သုံးလအကြာမှာ အင်္ဂလန်ကို ကျွန်တော်သိမ်းပိုက်လိုက်ပြီလေ။ သူတို့ပြောကြတာက ကျွန်တော် ပျံနေတယ်တဲ့” လို့ ပြောဆိုခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းကို မပြောင်းခင် လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက အယ်လ်အေ ဂလက်ဇီအသင်းထံ ပြောင်းချင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
အီဘရာဟီမိုဗစ်ဟာ မန်ယူနိုက်တက်အသင်းနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်ကမှ လော့စ်အိန်ဂျယ်လိစ် အခြေစိုက် အယ်လ်အေ ဂလက်ဇီအသင်းထံပြောင်းခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူးဟာ ၂၀၁၆ မှာ ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပြီး ၅၃ ပွဲကစား ၂၉ ဂိုးသွင်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်က ပီအက်စ်ဂျီကနေ မန်ယူနိုက်တက်ကိုပြောင်းခဲ့တဲ့ အီဘရာဟီမိုဗစ်ဟာ ဘာစီလိုနာ၊ ဂျူဗင်တပ်စတဲ့ အသင်းတွေအပြင် မီလန်မြို့ခံနှစ်သင်းစလုံးမှာလည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။