ရိုင်ဖယ်သေနတ်အား အော်တိုသေနတ်များအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည့် bump stocks ကိရိယာအား ဒေါ်နယ်ထရမ့် ပိတ်ပင်တားမြစ်

ရိုင်ဖယ်သေနတ်အား အော်တိုသေနတ်များအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည့် bump stocks ကိရိယာအား ဒေါ်နယ်ထရမ့် ပိတ်ပင်တားမြစ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ ။              ။ အမေရိကန်နိုင်ငံအတွင်း တရားဝင်လက်နက်များကို အော်တိုလက်နက်များအဖြစ် ပြောင်းလဲအသုံးပြုစေနိုင်သော bump stocks နှင့် အခြားသော ကိရိယာများကို တားမြစ်ပိတ်ပင်နိုင်သော အမိန့်ဒီဂရီအား ပြဌာန်းချမှတ်နိုင်ရေး ညွှန်ကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောသည်။

အဆိုပါ bump stocks ကဲ့သို့သော ကိရိယာများသည် ရိုင်ဖယ်သေနတ်တစ်လက်အား တစ်မိနစ်လျှင် ပစ်ချက်ပေါင်း ရာကျော် ပစ်ခတ်နိုင်အောင် ပြောင်းလဲပေးနိုင်သည့် ကိရိယာများဖြစ်ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြသည်။

ထိုသို့သော အော်တိုသေနတ်အဖြစ် ပြောင်းလဲနိုင်သော bump stocks ကိရိယာကို အသုံးပြုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက လက်စ်ဗီးဂက်စ်မြို့ လဟာပြင်ဂီတရှိုးပွဲက လူအုပ်ကို သေနတ်သမားတစ်ဦးက ပစ်ခတ်၍ လူပေါင်း ၅၈ ဦး သေဆုံးမှုဖြစ်ခဲ့သည်။

ထိုသေနတ်သမားသည် ရိုင်ဖယ်သေနတ်ကို bump stocks ကိရိယာတပ်ဆင်၍ တစ်စက္ကန့်ကို ကျည်ကိုးချက်နှုန်းဖြင့် ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုပစ်ခတ်မှုအတွင်း လူပေါင်း ၅၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သည်။

“လက်စ်ဗီးဂက်စ်က သေဆုံးမှုများတဲ့ ပစ်ခတ်မှုနောက်မှာ ကျွန်တော်က ရှေ့နေချုပ်ထံ ပြောခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ သေနတ်သမားသုံးခဲ့တဲ့ bump stocks ကိရိယာတွေကို တရားမဝင်အဖြစ် လက်ရှိဥပဒေအောက်မှာ ကျင့်သုံးနိုင်ခွင့် ရရေးပါ။ စက်တင်ဘာလအတွင်းမှာ ဒီဥပဒေလုပ်ငန်းစဉ်ကို စတင်ပါတယ်။ လအနည်းငယ်ကတော့ bump stocks ကိရိယာတွေကို ပိတ်ပင်မိန့်တစ်ရပ် လက်မှတ်ရေးထိုးပြီး ရှေ့နေချုပ်ထံ ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ မကြာခင်မှာ စည်းမျဉ်းဥပဒေတစ်ရပ်အဖြစ် ကျင့်သုံးနိုင်တော့မှာ ဖြစ်ပါတယ်။”ဟု အိမ်ဖြူတော်တွင် လွှတ်တော်အမတ်များ ဂုဏ်ပြုမှုတစ်ရပ်တွင် ထရမ့်က ပြောခဲ့သည်။

ဖလော်ရီဒါ ပြည်နယ် ပတ်လန်းအရပ်တွင် စာသင်ကျောင်းတစ်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်၍ လူပေါင်း ၁၇ ဦး သေဆုံးပြီး သီတင်းပတ်အတွင်း ယခုလုပ်ဆောင်မှုအား သမ္မတ ထရမ့်က ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required