ပါစတို၊ ဇန်နဝါရီ ၂၂ ။ ။ ကိုလံဘီယာအနောက်တောင်ပိုင်းတွင် တူမာကိုမြို့မှ ပါစတိုမြို့ကြား လမ်းပေါ်တွင် ခရီးသည်ဘတ်စ်ကားငယ်တစ်စီး မောင်းနှင်စဉ် မြေပြိုမှုဖြစ်၍ လူအနည်းဆုံး ၁၃ ဦး သေဆုံးကြောင်း တာဝန်ရှိသတင်းရင်းမြစ်က ပြောသည်။
“အစိုးရယာဉ်လိုင်းက ကားတစ်စီး အဝေးပြေးလမ်းမမှာ ခုလို မြေပြိုမှုနဲ့ ကြုံပြီး လူ ၁၃ ဦးသေဆုံးခဲ့ရတာအတွက် ကျွန်တော် တော်တော်လေး ဝမ်းနည်းမိပါတယ်။”ဟု အမျိုးသားလမ်းပိုင်းလုံခြုံရေးအေဂျင်စီ အကြီးအကဲ အလီဂန်ဒရိုမာယာက တွစ်တာတွင် ရေးသားသည်။
ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားသော ယင်းမြေပြိုမှုသည် နတ်ဆိုးနှာခေါင်းဟု အသိများသော လာနာရိဇ်ဒဲလ်ဒီယာဘိုလိုအရပ်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့များက အရွယ်မရောက်သေးသူ နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအပါအဝင် ရုပ်အလောင်းဆယ်လောင်းကို ဆယ်ယူရရှိကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။
ဘေးအန္တရာယ် စီမံရေးရုံးမှ တာဝန်ရှိသူများက မြေပြိုမှု ဖြစ်ပွားရာသို့ စက်ယန္တရားကြီးများ ပို့ကာ လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြို့အုပ်ချုပ်ရေးမှူး ကမ်မီလိုရိုမာရိုက ပြောသည်။
အဆိုပါ နယ်မြေဧရိယာသည် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားလေ့ရှိရာ နိုင်ငံအတွင်း နယ်မြေတစ်ရပ်လည်းပဲ ဖြစ်သည်။