စျေးကွက်ထဲမှာ မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်တွေကို သီးသန့်စုဝေးပြသထားတဲ့ လော့စ်အိန်ဂျလိစ်မြို့က "ကျရှုံးခြင်း ပြတိုက်"

စျေးကွက်ထဲမှာ မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်တွေကို သီးသန့်စုဝေးပြသထားတဲ့ လော့စ်အိန်ဂျလိစ်မြို့က "ကျရှုံးခြင်း ပြတိုက်"

ဒီဇင်ဘာ ၁၆ ။             ။ နာမည်ကျော် သွားတိုက်ဆေးအမှတ်တံဆိပ်ကုမ္ပဏီဖြစ်တဲ့ Colgate က လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်လောက်က Colgate Beef Lasagna ဆိုတဲ့ အမဲသား အစာသွပ်မုန့်ကို ထုတ်လုပ်ခဲ့ပေမယ့် စျေးကွက်ထဲမှာ အောင်မြင်မှု မရခဲ့တဲ့အတွက်ကြောင့် ကုမ္ပဏီအတွက်ကတော့ မှားယွင်းတဲ့ ထုတ်လုပ်မှုတစ်ခုသာ ဖြစ်ခဲ့ရပါတယ်။

ယခုအခါမှာတော့ ယင်း Colgate Beef Lasagna ဟာ အများပြည်သူ မြင်ကွင်းရှေ့ နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါမှာကတော့ "ကျရှုံးခြင်း ပြတိုက်" ဆိုတဲ့ အမေရိကန်က ပြတိုက်တစ်ခုရဲ့ စင်မြင့်တစ်ခုမှာ ယင်းထုတ်ကုန်ကို မြင်တွေ့ရမှာပါ ဖြစ်ပါတယ်။

သွားတိုက်ဆေးကုမ္ပဏီ Colgate ရဲ့ ယင်း ထုတ်ကုန်နဲ့အတူ ပြီးခဲ့တဲ့ နှစ်ကာလတွေအတွင်း စျေးကွက်ထဲမှာ မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်အများအပြားကိုတော့ ယခုအခါ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ယင်း "ကျရှုံးခြင်း ပြတိုက်" ထဲမှာ လေ့လာကြည့်ရှုလို့ ရနိုင်ပြီဖြစ်ပါတယ်။

နိုင်ငံတကာက ကုမ္ပဏီတွေ တီထွင်ဆန်းသစ်ထားခဲ့ကြပြီး မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်အလွဲပေါင်း ၁၀၀ ကျော်ကို ယင်း ပြတိုက်မှာ စုဝေးထားရှိထားပါတယ်။

အဆိုပါ "ကျရှုံးခြင်း ပြတိုက်" ကိုတော့ ယခုနှစ် ဇွန်လက ဆွီဒင်နိုင်ငံမှာ ကနဦး စဖွင့်ခဲ့ပေမယ့် ယခုလကျမှပဲ ကယ်လီဖိုးနီးယားကို ရွှေ့ပြောင်းလာခဲ့တာဖြစ်ပါတယ်။

ယင်း ပြတိုက်ထဲမှာ တွေ့ရမယ့် ပစ္စည်းတွေထဲမှာတော့ Coca-Cola ကုမ္ပဏီရဲ့ ကော်ဖီအရသာ Coca-Cola Blak ၊ မော်တော်ဆိုင်ကယ် ကုမ္ပဏီ Harley Davidson ရဲ့ ရေမွှေး၊ ၁၉၇၅ ခုနှစ်က ထုတ်လုပ်ပြီး မအောင်မြင်ခဲ့တဲ့ Kodak DC40 ဒစ်ဂျစ်တယ် ကင်မရာ၊ Nokia ရဲ့ N-Gage စက်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Trump ဂိမ်း၊ Apple ရဲ့  Newton Messagepad တို့လို ထုတ်ကုန်ပစ္စည်းတွေ ပါ၀င်နေလျက်ရှိပါတယ်။

စိတ်ပညာရှင်လည်းဖြစ်သလို တီထွင်ဆန်းသစ်မှုများဆိုင်ရာ သုတေသီ တစ်ဦးဖြစ်တဲ့ ဆန်မြူရယ် ၀က်စ်က ယင်း ကျရှုံးမှု ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှုတွေကို စုဝေးရာ "ကျရှုံးခြင်း ပြတိုက်" ကို ဖွင့်လှစ်ပြသဖို့  ပထမဆုံး စိတ်ကူးရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခု ပြတိုက်ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တီထွင်ဆန်းသစ်မှုတွေလုပ်ဆောင်ရာမှာ ကျရှုံးမှုက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါ၀င်နေတယ်ဆိုတာကို  လာရောက်ကြည့်ရှုသူတွေ သိရှိနားလည်သွားစေဖို့နဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကိုလည်း အရှုံးထဲကနေ သင်ခန်းစားယူပြီး ပိုကောင်းအောင်လုပ်နိုင်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required