ခရီးသည်ထံမှ ရွှေထည်ပစ္စည်း လုယက်ထွက်ပြေးခဲ့သူ တက္ကစီယာဉ်မောင်းအား ဖမ်းမိ

ခရီးသည်ထံမှ ရွှေထည်ပစ္စည်း လုယက်ထွက်ပြေးခဲ့သူ တက္ကစီယာဉ်မောင်းအား ဖမ်းမိ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ အောက်တိုဘာလ ၃ ။               ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၅) ရပ်ကွက်၊ ပါရမီလမ်းရှိ မီးရထားသံလမ်းအကျော်တွင် ခရီးသည် အမျိုးသမီးထံမှ ရွှေဆွဲသီးပါ ဆွဲကြိုးတစ်ကုံး လုယက်ထွက်ပြေးခဲ့သူ တက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ခရီးသည် အမျိုးသမီးထံမှ ရွှေဆွဲကြိုးအား လုယက်ထွက်ပြေးသွားသူမှာ သန်လျင်မြို့နယ်နေ အသက် ၃၆ နှစ်အရွယ် အောင်ကျော်ထွန်းဆိုသူဖြစ်ပြီး ၎င်းအား  ရဲတပ်ဖွဲ့မှ  အောက်တိုဘာလ၂ ရက်၊ နေ့လည် ၂ နာရီ အချိန်တွင် သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လုယက်ခံရသူ အမျိုးသမီးထွက်ဆိုချက်အရ အောက်တိုဘာလ ၁ ရက်၊ နံနက် ၃ နာရီခွဲကျော်အချိန်တွင် အဆိုပါယဉ်မောင်းက  လှိုင်မြို့နယ်၊ (၁၅) ရပ်ကွက်၊ ပါရမီလမ်းရှိ မီးရထားသံလမ်းကျော် အရောက်တွင် ကားကိုလမ်းဘေးထိုးရပ်ပြီး နောက်ခန်းသို့ကူးကာ ရွှေဆွဲကြိုးကို လုယက်ဖြုတ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့နောက်  ခရီးသည်အမျိုးသမီးကို တက္ကစီယာဉ်ပေါ်မှဆွဲချကာ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

 သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အောင်ကျော်ထွန်းဆိုသူအား ပိတောက်ချောင်း နယ်မြေရဲစခန်းတွင်  (ပ) ၅၇၃/ ၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required