ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်တွင်တောင်ယာအတွင်း ဆေးမြစ်လိုက်ရှာသည့် အမျိုးသမီးတဦးသည် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျွန်ငိုင်းကပြောသည်။
ဖလမ်းမြို့နယ်၊ဇောင်းလေ(Zawnglei) ရွာမှအသက်(၄၈)နှစ် ဒေါ်ဗျက်ဇာနှမ်(Biak Za Nem) သည် အခြားအမျိုးသမီးအဖော် သုံးဦးနှင့်အတူ ဆေးမြစ်ရှာစဥ် အောက်တိုဘာလ ၁၈ရက် နံနက် ၈နာရီခန့်တွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
" သူတို့လိပ်ပြာဥ(ဆေးမြစ်) သွားရှာရင်း စစ်ကောင်စီစခန်းနားထိရောက်သွားတယ်။ လုံခြုံရေးစည်းရိုးနားတဝိုက်မှာဖြစ်တာဆိုတော့ သူတို့(စစ်ကောင်စီ)က တိုက်မိုင်း၊နင်းမိုင်းတွေ ထောင်ထားတာရှိတယ်။ သူတို့(စစ်ကောင်စီ)မိုင်းဆိုတာတော့သေချာတယ်” ဟု ဆလိုင်းကျွန်ငိုင်း က မဇ္စျိမ ကိုပြောသည်။
မိုင်းပေါက်ကွဲရာ နေရာသည် ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၆၈) နှင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ ပူးပေါင်းတပ်စွဲထားသည့် ထင်ရှုးစခန်းအနီးဖြစ်သည်။ စစ်ကောင်စီက ၎င်းတို့လုံခြုံရေးအတွက် ထောင်ထားသည့် မိုင်းဖြစ်ကြောင်းဆလိုင်းကျွန်ငိုင်းကဆိုသည်။
ဒေါ်ဗျက်ဇာနှမ်သည် ခြေတဖက်ဒူးအောက်မှ ပြတ်သွားပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဟု သိရသည်။ ကွယ်လွန်ချိန်၌ သားသမီး ခြောက်ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများကပြောပြီး အခြားအသေးစိတ်အခြေအနေကို မသိရသေးပေ။
ဖလမ်းမြို့နယ်တွင် စက်တင်ဘာလ ၂၁ရက်နေ့ကလည်း ဗားရ်စစ်စခန်းအနီး မိုင်းပေါက်ကွဲကာ အသက်(၅၂)နှစ်အရွယ် ဦးငွန်ကစ်ခွါလ်ဆိုသူ သေဆုံးခဲ့သည်ဟုဒေသခံများကပြောသည်။
စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် ထောင်သည့် မြေမြှပ်မိုင်းကြောင့် ချင်းလူမျိုး ၂၂ဦးသေဆုံးခဲ့ပြီး ၄၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က စက်တင်ဘာလ ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖလမ်းမြို့နယ်အတွင်းတွင် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် CNO/CNDF နှင့် Chinland Defense Force - Hualngoram , CDF - Zanniatram နဲ့ Chin National Army အဖွဲ့များက စစ်အာဏာရှင်တော်လှန်ရေး ဆောင်ရွက်နေကြပြီး လတ်တလောတွင် စစ်ရေးအခြေအနေငြိမ်သက်နေကြောင်း သိရသည်။
စာတည်း - အေးချမ်း