ရန်ကုန် သြဂုတ်၂ ။ ။ မြန်မာနိုင်ငံအနေဖြင့် BIMSTEC ကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းအုပ်စုများထံမှ အကျိုးအမြတ် ရရှိထုတ်ယူနိုင်ရေးအတွက် ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝင်ငွေ တိုးမြင့်အောင် ဖော်ဆောင်ရမည်ဖြစ်ပြီး ယင်းသို့ ဖော်ဆောင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် Customs Bonding Arrangement ရှိထားရန် လိုအပ်ကြောင်း ထိပ်တန်းကုန်သွယ်ရေးဆိုင်ရာ ပညာရှင်တစ်ဦးက ပြောသည်။
Customs Bonding Arrangement CBA သည် အကောက်ခွန်နှင့် သွင်းကုန်လုပ်ငန်းကြား အတိအကျလိုက်နာရမည့် စည်းကမ်းတာဝန်များ မပျက်ယွင်းရေးအတွက် အာမခံထားသော သဘောတူမှုဖြစ်သည်။ ထိုသဘောတူမှု၏ အဓိကရည်ရွယ်ချက်သည် သွင်းကုန်ခွန်နှင့် အခွန်စည်းကြပ်မှုများကို အာမခံနိုင်ရေးဖြစ်သည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် 'Myanmar in BIMSTEC' စာတမ်းဖတ်ပွဲအပြီး တွင် ကုန်သွယ်ရေးရာ အထူးအကြံပေး Paul Apthorp က မြန်မာနိုင်ငံသည် တောင်နှင့် အရှေ့တောင်အာရှကြားတွင် မဟာဗျူဟာမြောက် တည်ရှိနေကြောင်း မဇ္ဈိမသို့ ပြောသည်။
“BIMSTEC လို ဒေသတွင်းအုပ်စုအဖွဲ့ကြီးတွေကနေ အကျိုးအမြတ်ကြီးကြီး ရယူနိုင်တဲ့ အခွင့်အရေး ရှိနေတာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ အခြားနိုင်ငံတွေနဲ့ CBA သဘောတူညီမှု ရထားဖို့ လိုတယ်”ဟု ၏ မဇ္ဈိမအထူးအင်တာဗျူးတွင် Paul Apthorp က ပြောသည်။
“ထိုင်းနဲ့ တရုတ်ကြားမှာ CBA ဖြစ်ထွန်းပြီးနောက် ကုန်သွယ်မှုကို ဥပမာအနေနဲ့ ကြည့်ပါ။ မြန်မာနိုင်ငံလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ အလားတူ သဘောတူညီမှုမျိုးရခဲ့ရင် အဲဒီနိုင်ငံတွေ ခံစားရတဲ့ အကျိုးအမြတ်တွေ ရလာနိုင်မှာပဲဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအတွက် တစ်ခုသော အခွင့်အလမ်းမှာ TIR တွင် လက်မှတ်ထိုးနိုင်ခွင့်ဖြစ်သည်။ TIR ခေါ် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် အိန္ဒိယနှင့် တရုတ်တို့က လက်မှတ်ထိုးထားပြီးဖြစ်သည်။
TIR တွင် လက်မှတ်ထိုးလိုက်ပြီးသည့် အိန္ဒိယနိုင်ငံအနေဖြင့် သယ်ယူပို့ဆောင်ရေးကွန်ရက်ချိတ်ဆက်မှုကို ရရှိပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေး လမ်းပိုင်းကွန်ရက် တည်ဆောက်မှုတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခွင့်ရှိလာပြီဖြစ်သည်။