သြဂုတ် ၂၂၊ မီလန်။ ။ ကစားသစ် နီကိုလာ ကာလီနစ်ကိုမိတ်ဆက်ရန်ရှိနေသည့် စီးရီးအေကလပ် အေစီမီလန်အနေဖြင့် နောက်ထပ်ကစားသစ် ထပ်ခေါ်ရန်အစီအစဉ်မရှိကြောင်း အသင်းစီအီးအို မာကို ဖက်ဆိုနီက ပြောသည်။
ခရိုအေးရှားတိုက်စစ်မှူးကို ယူရို ၂၅ သန်းဝန်းကျင်ဖြင့် ဖီအိုရင်တီးနားအသင်းထံမှခေါ်ယူထားကြောင်းကို အေစီမီလန်အသင်းက တနင်္ဂနွေနေ့တွင် အတည်ပြုခဲ့သည်။
စီးရီးအေရာသီအဖွင့်ပွဲတွင် ခရိုတုန်းကို ၃-၀ ဂိုးဖြင့်အနိုင်ရထားသည့် အေစီမီလန်အသင်းအတွက် အလုပ်များသည့် အပြောင်း အရွှေ့စျေးကွက်တစ်ခုဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်နှင့် သတင်းထွက်နေသည့်တိုင် နည်းပြမွန်တဲလား၏ အသင်းမှာ လက်ရှိလူစာရင်းဖြင့်ပင် ကျေနပ်နေဟန်ရှိသည်။
“ကာလီနစ်ရောက်လာလို့ ကျွန်တော်တို့သိပ်ဝမ်းသာပါတယ်။ နောက်ထပ်ကစားသမားခေါ်ဖို့လား။ အခုချိန်မှာတော့ ဘာကစားသစ်မှခေါ်ဖို့ အစီအစဉ်မရှိပါဘူး”ဟု ဖက်ဆိုနီက စပို့အီတာလီယာသို့ပြောသည်။
အေစီမီလန်အသင်းသည် အပြောင်းအရွှေ့စျေးကွက်အတွင်း ဘိုနုချီ၊ ဘစ်ဂလီယာ၊ ဆေးလ်ဗား၊ ချယ်ဟာနိုဂလူ၊ ကွန်တီ၊ ရိုဒရီဂွက်ဇ်၊ မက်ဆက်ချီယို၊ ကက်ဆီနှင့် ဘိုရီနီတို့ကို ခေါ်ယူထားသည်။
Ref; goal.com