ဘရပ်ဆဲလ်၊ ဇွန် ၂၃ ။ ။ ဗြိတိန် အီးယူက နုတ်ထွက်ပြီးနောက်လည်း နိုင်ငံသားများ အီးယူအဖွဲ့ဝင်နိုင်ငံများတွင် ဆက်နေထိုင်ခွင့်ရရေး အာမခံပေးရန် ဝန်ကြီးချုပ် ထရီဆာမေက အီးယူအားတောင်းဆိုလိုက်သည်။
ထရီဆာမေက စံနှုန်းသတ်မှတ်မှု ပြည့်မီပါက အီးယူမှ နိုင်ငံသားများ ဗြိတိန်တွင် ဆက်နေနိုင်ခွင့်ရှိကြောင်း အာမခံပေးပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ ပြန်လည်တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ဘရပ်ဆဲလ်တွင် ကျင်းပသည့် ဥရောပကောင်စီထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းမတိုင်မီ တစ်ရက်က ထရီဆာမေသည် ဗြိတိန်နိုင်ငံအတွင်း ငါးနှစ်ကြာ နေထိုင်မှု ရှိပြီးသော အီးယူနိုင်ငံသားများသည် အီးယူမှ ဗြိတိန် နုတ်ထွက်ပြီးနောက်တွင်လည်း တည်ငြိမ်သော နေထိုင်မှု အဆင့်ကို ရနိုင်မည်ဖြစ်ကြောင်း၊ နှစ်အနည်းငယ် နေထိုင်လျက်ရှိထားသူများမှာလည်း ငါးနှစ်တာ နေထိုင်ခွင့်ကို ရမှာပဲဖြစ်ကြောင်း ပြောထားခဲ့ခြင်း ဖြစ်သည်။
"ကျွန်မအနေနဲ့ ဗြိတိန်နိုင်ငံတွင်းမှာ ရောက်နေသူ အီးယူနိုင်ငံသားတွေရဲ့ အနာဂတ်ကို သေချာစေချင်သလိုပဲ အီးယူမှာ ရှိနေတဲ့ ကျွန်မတို့နိုင်ငံသားတွေရဲ့ သေချာတဲ့အနာဂတ်ကိုလည်း မြင်လိုတယ်။"ဟု ထရီဆာမေက မီဒီယာသို့ ပြောသည်။
ယခုအဆိုပြုချက်သည် ဗြိတိန်နိုင်ငံတွင်း ရှိနေသော အီးယူအဖွဲ့ဝင် နိုင်ငံသား သုံးသန်းနီးပါး၏ အခွင့်အရေးကို အလေးထားသည့် မျှတတည်ကြည်မှုရှိသော အဆိုပြုချက်ပါဟု ထရီဆာမေက ဆိုကာ အသေးစိတ်အစီအစဉ်အချက်အလက်ကို အစိုးရက ဇွန် ၂၆ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောခဲ့သည်။