ပြည်၊ ဧပြီ ရ ။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ နဝင်းချောင်းကူးတံတားသစ်တည်ဆောက်နေစဉ် တံတားဟောင်းမှ ဖျက်ထားသည့်သစ်များနေ့စဉ်ရက်ဆက် အခိုးခံနေရကြောင်း ဒေသခံများက ပြောသည်။
"တံတားအောက်က သစ်တွေ တွန်းချပြီး လှေနဲ့ ဆွဲလာတာ။ သစ်ခွဲဖို့ လာငှားတယ်။ အဲဒီသစ်တွေ ခွဲပေးရင် ခြောက်တစ်နဲ့ ညိမှာဆိုးလို့ လုပ်မပေးခဲ့ဘူး ။ အခု ဘယ်သူ့ဆီမှာ ဒီကောင်တွေခွဲခဲ့လဲမသိ။ ဝက်ခြံတွေတောင် ရိုက်ထားတယ် "ဟု လွှစက်ပိုင်ရှင်တစ်ဦးက ပြောသည်။
ပြည်မြို့၊ နဝင်းရပ်ကွက် နှင့် ဖိုးခေါင်ရပ်ကွက် ကြားရှိ နဝင်းချောင်းကူးတံတား ကို ၂၀၁၅ ခုနှစ် တွင် လမ်းတံတား ဦးစီးဌာနမှတာဝန်ယူဆောက်လုပ်နေသည်။ သို့သော် ကျန်သစ်များကို စနစ်တကျ စီမံခန့်ခွဲခြင်း မရှိသည့်အတွက် ပျက်စီးပျောက်ဆုံးခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
"တစ်ချို့ကုန်းပေါ်ကနေ သယ်သွားတာတွေရှိတယ် ။ ရေထဲကနေ ယူသွားတာရှိတယ်"ဟုလည်းဒေသခံတစ်ဦးက ဆိုသည်။
အကြောင်းအရာကိစ္စ နှင့်ပတ်သတ်ပြီး ပြည်မြို့နယ်လမ်းတံတားဦးစီး အရာရှိဒေါ်စောသဥ္ဇာမင်း အားဆက်သွယ်မေးမြန်းရာ" ဖျက်ပြီး ပုံထားတာကို အတိုအစ အသေးလေးတွေ ထင်းလောက်ဆွဲတာဖြစ်မယ် "ဟုဆိုသည်။
တံတားဟောင်း ဖျက်ထားသည့်သစ်များကို ဧပြီ ရ ရက် ညပိုင်း မှစ၍နေရာရွှေ့ပြောင်းမည်ဖြစ်ပြီး သစ်တန်မည်မျှရှိမည် ကို မခန့့်မှန်းနိုင်သေးကြောင်း ဒေါ်စောသဥ္ဇာမင်းက ပြောသည်။
တံတားသစ်တည်ဆောက်ရာတွင်လည်း မြေသားစမ်းသပ်ခြင်းများ အားနည်းသည့် အတွက် ချဉ်းကပ်လမ်းများပြိုကျခဲ့ရာ နိုင်ငံတော်က ငွေကျပ် သိန်း ၅၀၀ နီးပါး နစ်နာဆုံးရှံုးခဲ့ရသည်။