မစ်ရယ်လ်စတရိပ် နှင့် တွမ်ဟန့်ခ် တို့ ပထမဦးဆုံးအကြိမ်အဖြစ် တွဲဖက်သရုပ်ဆောင်မည်

မစ်ရယ်လ်စတရိပ် နှင့် တွမ်ဟန့်ခ် တို့ ပထမဦးဆုံးအကြိမ်အဖြစ် တွဲဖက်သရုပ်ဆောင်မည်

ဟောလိ၀ုဒ်ရုပ်ရှင်မျိုးဆက်တွင် အကျော်ကြားဆုံး အနုပညာရှင်နှစ်ဦးဖြစ်သော မင်းသမီးကြီး မစ်ရယ်လ်စတရိပ် နှင့် မင်းသားကြီးတွမ်ဟန့်ခ် တို့သည် ဒါရိုက်တာ စတီဗင်စပီးဘတ် ရိုက်ကူးမည့် နိုင်ငံရေးနောက်ခံရုပ်ရှင် The Post တွင် ပထမဦးဆုံးအကြိမ်အဖြစ် တွဲဖက်သရုပ်ဆောင်ကြမည်ဖြစ်ကြောင်း ဟောလိ၀ုဒ်မဂ္ဂဇင်း Variety က ပြောခဲ့သည်။

ထိုရုပ်ရှင်သည် ၁၉၇၁ခုနှစ်က ကမ္ဘာတစ်ဝန်းလုံးတွင် ခေါင်းစီးသတင်းများအဖြစ် ထုတ်ဝေခဲ့သော ၀ါရှင်တန်ပို့စ် သတင်းစာ၏ ထုတ်ဝေရေးအကြောင်းကို ဦးတည်ထားပြီး သတင်းစာတိုက်၏ အယ်ဒီတာနှင့် ထုတ်ဝေသူတို့က အမေရိကန်ပြည်ထောင်စုအစိုးရအား လွတ်လပ်စွာထုတ်ဝေခွင့် ရရှိရေးအတွက် ရင်ဆိုင်တိုက်ပွဲဝင်ပုံကို ဇာတ်လမ်း တည်ထားခြင်းဖြစ်သည်။

အော်စကာနှစ်ဆုရှင် တွမ်ဟန့်ခ်သည် အယ်ဒီတာ ဘန်ဘရက်ဒ်လိီးအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး အော်စကာ သုံးဆုရှင် မစ်ရယ်လ်စတရိပ်က ထုတ်ဝေသူ ကေဂရေဟမ်အဖြစ် သရုပ်ဆောင်မည်ဟုသိရသည်။

ရုပ်ရှင်ရိုက်ကူးမည့်ရက်ကို တိတိကျကျထုတ်ပြန်ထားခြင်း မရှိသေးသလို နာမည်ကျော် ဒါရိုက်တာစပီးဘတ် ကလည်း လက်ရှိတွင် မတ်လ ၂၀၁၈ခုနှစ်၌ ထွက်ရှိမည့် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား “Ready Player One” အတွက် အားစိုက်လျက်ရှိနေသည်။

မစ်ရယ်လ်စတရိပ်သည် ပြီးခဲ့သောဇန်နဝါရီလက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံးဆုပေးပွဲ၌ လက်ရှိသမ္မတဒေါ်နယ် ထရမ့်အား ဝေဖန်ခဲ့သည့်အတွက် ထရမ့်၏ပြန်လည်ထိုးနှက်ခြင်းကို ခံထားခဲ့ရဖူးသောကြောင့် သူမသရုပ်ဆောင် တော့မည့် ဇာတ်ကောင်နှင့် ထပ်တူကျလျက်ရှိသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required