ဇန်နဝါရီ ၁၃၊ အင်္ဂလန် ။ ။ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက လီဗာပူးလ်နှင့် ပွဲစဉ်သည် မန်ချက်စတာဒါဘီပွဲစဉ်ထက် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်ပြီး ပိုမိုကြီးကျယ်ခမ်းနားသည့်ပွဲဟု ပြောဆိုလိုက်သည်။
မန်ယူနှင့်လီဗာပူးလ်တို့သည် ယခုတစ်ပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ တွင် ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး နှစ်သင်းစလုံးမှာ အမှတ်ပေးပြိုင်ပွဲတွင် ပုံစံကောင်းများရရှိနေကြသည်။
မန်ယူအသင်းသည် နည်းပြမော်ရင်ဟို၏လက်အောက်တွင် တဖြည်းဖြည်းတည်ငြိမ်လာပြီဖြစ်ပြီး ပြိုင်ပွဲပေါင်းစုံတွင် ရှုံးပွဲမရှိသည်မှာ ၁၅ ပွဲ ရှိသွားပြီ ဖြစ်သည်။ ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိသည်မှာ ၁၁ ပွဲဆက်တိုက်ရှိနေပြီဖြစ်ပြီး ဒုတိယနေရာမှ လီဗာပူးလ်နှင့်ငါးမှတ်အကွာ အဆင့်ခြောက်နေရာတွင် ရပ်တည်နေသည်။
ပေါ့ဂ်ဘာက ‘မန်ယူနဲ့လီဗာပူးလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုသမိုင်းကြောင်းကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒီဒါဘီပွဲစဉ်က ကြီးကျယ်ခမ်းနားတဲ့ ပွဲစဉ်ပါ။ မန်ချက်စတာဒါဘီထက်ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။
လီဗာပူးလ်နဲ့ကစားရတဲ့ ပွဲစဉ်တိုင်းက လုံးဝထူးခြားပါတယ်။ ခင်ဗျားအနေနဲ့ ဘယ်အသင်းနဲ့တွေ့တွေ့ အနိုင်သုံးမှတ်လိုချင်မှာပါပဲ။ ဒါပေမဲ့ လီဗာပူးလ်နဲ့ပွဲမှာ သုံးမှတ်အပြည့်ရတာက ပိုပြီး ထူးခြားကောင်းမွန်ပါတယ်’ ဟု ပြောဆိုခဲ့သည်။
မန်ယူနှင့်လီဗာပူးလ်တို့သည် ယခုတစ်ပတ်တွေ့ဆုံမည့်ပွဲမတိုင်မီ လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်များကို ကစားထားကြပြီး မန်ယူက ဟားလ်စီးတီးကို ၂-၀ ဖြင့်နိုင်ထားသော်လည်း လီဗာပူးလ်က ဆောက်သမ်တန်ကို ၁-၀ ဖြင့် ရှုံးနိမ့်ထားသည်။
ရည်ညွှန်း ဆော်ကာဝေး