နယူးဒေလီ/အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၆ ။ ။ နှစ်နိုင်ငံခေါင်းဆောင်များ ရုရှားတွင်တွေ့ဆုံပြီးနောက် ရက်ပိုင်းအကြာ အငြင်းပွား ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန်ကြား အပြန်အလှန်ပစ်ခတ်မှုများကြောင့် အနည်းဆုံး အရပ်သား ငါးဦးသေဆုံးခဲ့ သည်။
အရပ်သားလေးဦးသေဆုံးမှုနှင့် အခြားငါးဦးဒဏ်ရာရရှိမှုမှာ အိန္ဒိယတို့၏ အကြောင်းမဲပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ပါကစ္စတန်က စွပ်စွဲသည်။ အိန္ဒိယ ဘက်ကလည်း ပါကစ္စတန် စစ်သားများ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး အခြားအရပ်သား သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ပါကစ္စတန်စစ်တပ်ကလည်းကက်ရှ်မီးယားတွင် အိန္ဒိယတို့၏ သူလျှိုဒရုန်းလေယာဉ် ကိုပစ်ချခဲ့သည် ဟုပြောကြားခဲ့သည်။
လေပိုင်နက်ချိုးဖောက်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းပြောကြားရန်နှင့် ရှင်းလင်းချက်ကို နားထောင်ရန် ပါကစ္စတန်က အိန္ဒိယသံအမတ်ကြီးကို ဇူလိုင် ၁၆ က ဆင့်ခေါ်ခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ပြောကြားချက်ကို ကိုးကား ၍အေအက်ဖ်ပီ ကဖော်ပြခဲ့သည်။
လာမည့်နှစ်တွင် ဒေသဆိုင်ရာထိပ်သီးဆွေးနွေးပွဲတက်ရန် ပါကစ္စတန်ဝန်ကြီးချုပ်နာဝပ်ရှရစ်ဖ်၏ ဖိတ်ကြားမှုကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက လက်ခံပြီးနောက် ရက်ပိုင်းအကြာ ယခုအဖြစ်အပျက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယင်းသို့ဖိတ်ကြားမှုက ဆက်ဆံရေးပျော့ပြောင်းစေမည့် အမှတ်လက္ခဏာအဖြစ်ယူဆခဲ့ကြပြီး ယင်းခရီးစဉ်မှာ လွန်ခဲ့သည့်နှစ်က မိုဒီအာဏာရပြီးနောက်ပိုင်း မိုဒီ၏ ပထမဆုံးပါကစ္စတန်ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အငြင်းပွားနယ်စပ်တစ်လျှောက် အကြောင်းမဲ့ပစ်ခတ်သည်ဟု အပြန်အလှန်စွပ်စွဲလေ့ရှိသည်။
၂၀၀၃ခုနှစ်က သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးမှာ ရှိနေသေးသော်လည်း အပစ်အခတ် ရပ်စဲရေးကိုချိုးဖောက်ကြောင်း လည်းအပြန်အလှန် စွပ်စွဲလေ့ရှိသည်။
ဇူလိုင် ၁၅ရက် နံနက်က ဆီယယ်ကော့ဒေသတွင် အိန္ဒိယတပ်ဖွဲ့ဝင်များက နယ်စပ်ကိုကျော်၍ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အရပ်သားလေးဦးသေဆုံးပြီး အခြားငါးဦးဒဏ်ရာရခဲ့သည်ဟု ပါကစ္စတန် စစ်ဘက် ကပြောကြားခဲ့သည်။
ဇူလိုင် ၁၅ ရက်ကပင် ပါကစ္စတန်စစ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် ပါ့ဂဝါလ်ဧရီယာရှိ နယ်စပ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားအရပ်သား သုံးဦးဒဏ်ရာရခဲ့သည်ဟု အိန္ဒိယနယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။